ကျိုက်မရော ချောင်းနှစ်ခွတွင် တိုက်ပွဲပြင်းထန်နေ၍ ဒေသခံများ ပိတ်မိနေ

0
701

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လမ်းများပိတ်ထားသည့်အတွက် ဒေသခံများ ပိတ်မိနေသည်ဟု  အကူအညီပေးနေသူများထံမှ သိရသည်။

ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်  (KNLA) နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။

တိုက်ပွဲသည် နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း စစ်ကောင်စီဘက်က လေကြောင်းဖြင့် တိုက်ခိုက်နေသည့်အပြင် မုဒုံအခြေစိုက် အမြှောက်တပ်မှလည်း လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည်ဟုလည်း ဒေသခံတို့က ပြောသည်။

“တိုက်ပွဲက ဒီမနက် (နိုဝင်ဘာ ၁၃ ရက်) ထိ ဖြစ်နေတုန်းပဲ။ လေယာဉ်လည်း ဒီမနက်မှာ နှစ်ခေါက်ရှိနေပြီး။ မနေ့ကလည်း သုံးခေါက်လောက်ရှိတယ် ပျံနေတာ။ လက်နက်ကြီးနဲ့ ပစ်နေတာလဲရှိတယ်” ဟု မယ်တရိုဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ချောင်းနှစ်ခွကျေးရွာနှင့် အနီးနားတဝိုက်ရှိ မယ်တရို၊ တောင်ကလေး၊ ကနာလို၊ ကြံတော အစရှိသည့် ကျေးရွာ ၁၀ ထက်မနည်းက ဒေသခံပြည်သူများ မိတ်မိနေသည်ဟု သိရသည်။

ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးပမ်နေကြသော်လည်း စစ်ကောင်စီတပ်ဘက်က လမ်းများပိတ်ထားပြီး ဖြတ်သန်းသွားလာခွင့်မပြုသည့်အတွက် ရွာမှထွက်မရဘဲဖြစ်နေကြောင်း ကျေးရွာတွင်ပင် ပုန်းရှောင်နေကြရကြောင်း အကူအညီပေးနေသူတစ်ဦးက ပြောသည်။

“တောင်ကလေး၊ မယ်တရို၊ ချောင်းနှစ်ခွ၊ ကြံတော အများကြီးပဲ ရွာ တစ်ဆယ်ကျော်တယ်။ ထွက်လာလို့မရဘူး။ ကိုယ့်နေရာမှာပဲ ပုန်းနေကြရတယ်။ ထွက်လာလို့ရတဲ့လူတချို့လည်းရှိတယ်။ တောထဲ ပြေးပုန်းနေတဲ့လူတွေလည်းရှိတယ်။ အခြားရွာကို ထွက်ဖို့က ရဲတွေက မပေးဖြတ်ဘူး။ လမ်းတွေ ပိတ်ထားတော့ ထွက်လို့မရဘူးဖြစ်နေတယ်။ လမ်းတွေ အကုန်ပိတ်ထားတယ်” ဟု ၎င်းက ပြောသည်။

ချောင်းနှစ်ခွရဲကင်းစခန်းနှင့် ချောင်းနှစ်ခွတံတားကို တော်လှန်ရေးတပ်ဖွဲ့တို့က သိမ်းပိုက်လိုက်ပြီဟု သတင်းထွက်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

တိုက်ပွဲနှင့် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် လူထိခိုက်ဒဏ်ရာရခြင်း၊ လူနေအိမ်ထိခိုက်ပျက်စီးခြင်းများလည်း ရှိနေကြောင်း သိရသော်လည်း အသေးစိတ်အခြေအနေကို မသိရသေးပေ။

နိုဝင်ဘာလ ၁၂ ရက် နေ့လယ်ပိုင်းခန့်ကလည်း ကျိုက်မရောမြို့နယ်၊ ပေါလောကုန်းကျေးရွာတွင် လက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲခြင်းကြောင့် အသက် ၇ နှစ်အရွယ်နှင့် အသက် ၈ နှစ်အရွယ် ကလေးနှစ်ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးသွားခဲ့သည်။

တိုက်ပွဲကြောင့် မုဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီးလမ်း ဖြတ်သန်းသွားလာမရသလို မုဒုံ-ချောင်းနှစ်ခွ-တံခွန်တိုင်လမ်းပိုင်းလည်း အသုံးပြုသွားလာမရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်  (KNLA) နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က မကြာခဏဝင်ရောက်တိုက်ခိုက်လေ့ရှိကြောင်း ယခုတိုက်ခိုက်ဖြစ်စဉ်သည် ယခင်ကထက် ပိုမိုပြင်းထန်ကြောင်း ဒေသခံတို့က ပြောသည်။