ကော်သူးလေတပ်နှင့် ဆက်စပ်သူအချို့ကို KNU  ဖမ်းဆီးစစ်ဆေး

0
787
ပုံစာ - တနင်္သာရီတိုင်းအခြေစိုက် ကော်သူးလေတပ်မတော် KTLA တပ်ဖွဲ့ဝင်များအား ထားဝယ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် ဇွန်လက တွေ့ရစဉ်။

ထားဝယ်အရှေ့တောတွင် ကော်သူးလေတပ်မတော်(KTLA)နှင့် ဆက်စပ်သူအချို့ကို ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ(၄)က ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံအချို့နှင့် နှစ်ဖက်တပ်ဖွဲ့ တာဝန်ရှိသူများထံမှသိရသည်။

အောက်တိုဘာလ အတွင်းကကော်သူးလေတပ်ကို ထောက်ပို့လုပ်နေသူများနှင့် ဆက်စပ်ပတ်သက်သူ ၁၅ ဦးခန့်ကို ခေါ်ယူပြီး စစ်ဆေးမေးမြန်း ခဲ့ကြောင်း KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုအယ်နားက ဆိုသည်။

၎င်းတို့အား ကော်သူးလေးတပ်မတော်နှင့် အဆက်အသွယ်မလုပ်ရန် သတိပေးပြီး ဖမ်းဆီးမေးမြန်းခံရသူများအနက်မှ အချို့ကို ပြန်လွှတ်ပေးလိုက်ပြီး ခြောက်ဦးခန့်ကိုမူ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

“သူတို့ကို ဘာမှမလုပ်ဘူး၊ အချက်အလက်ပဲယူပြီးတော့ ကျွန်တော်တို့ပြန်လွှတ်ပေးမယ်” ဟုပဒိုအယ်နားက ပြောသည်။

ကော်သူးလေတပ်မတော်ဘက်ကလည်း KNU တပ်မဟာ ၄ တပ်ဖွဲ့ဝင်မိသားစုများ၊ ထောက်ပို့ပေးနေသူများနှင့် ပတ်သက်ဆက်နွယ်သူများကို ခြိမ်းခြောက်မှုများ လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။

ကော်သူးလေတပ်မတော်က ထိုကဲ့သို့ ခြိမ်းခြောက်မှုများရှိနေသည့်အတွက် တပ်မဟာ ၄ ၏ အုပ်ချုပ်ရေးအပိုင်း တာဝန်ရှိသူအချို့နှင့် ၎င်းတို့၏မိသားစုဝင်များမှာ နေရပ်စွန့်ခွာပြီး တိမ်းရှောင်နေရကြောင်း ပဒိုအယ်နားက ပြောသည်။

ကော်သူးလေတပ်မတော် ဆာကဆောတပ်မ၏ ပြန်ကြားရေးတာဝန်ခံ ကိုချမ်းကမူ KNU တပ်မဟာ ၄ နှင့် ဆက်စပ်ပတ်သက်သူများကို ခြိမ်းခြောက်ခြင်းမရှိကြောင်း တုန့်ပြန်ပြောဆိုသည်။

“ကော်သူးလေ ကနေပြီးတော့ KNU ကိုခြိမ်းခြောက်တာတော့ အဲ့ဒါတော့ လုံးဝမရှိပါဘူး” ဟု ကိုချမ်းက ပြောသည်။

ကော်သူးလေတပ်မတော်နှင့် ဆက်စပ်သူများကို KNU တပ်မဟာ ၄ က ဖမ်းဆီးထားသည်မှာမှန်ကန်ပြီး အဖမ်းခံရသည့် အရေအတွက်နှင့် ပြန်လွတ်လာသည့် အခြေအနေအသေးစိတ်ကို မသိရသေးကြောင်း ၎င်းက ဆိုသည်။

ကရင်လက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့်KNU တပ်မဟာ ၄ လက်အောက်ခံ KNLA တပ်ရင်းအချို့နှင့် ကော်သူးလေ တပ်မတော်တို့အကြား တိုက်ခိုက်မှုများရှိနေပြီး စစ်ရေးတင်းမာနေသည်။

အဆိုပါနှစ်ဖွဲ့အကြား ဖြစ်ပွားနေသည့် တင်းမာမှုမှာ ယခုလပိုင်းတွင် ပိုမိုပြင်းထန်လာသည်။

ဇူလိုင်လ ၁၉ ရက်က KNLA တပ်ရင်း (၁၀)မှ ဗိုလ်မှူးစောဖိုးစီ စီးလာသည့်ကားကို ဖောင်းတောရွာအနီးမှာ KTLA တပ်ရင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် ဗိုလ်မှူးစောဖိုးစီနှင့် ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

ဗိုလ်မှူးစောဖိုးစီ ကျဆုံးပြီးနောက်ပိုင်းတွင် KNLA နှင့် KTLA နှစ်ဖွဲ့ကြားက စစ်ရေးအခြေအနေ ပိုမိုတင်းမာလာကာ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု၊ စခန်းသိမ်းမှုများ ခပ်စိပ်စိပ်ဖြစ်လာသည်။

ထိုကဲ့သို့ စစ်ရေးတင်းမာနေခြင်းကို ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် အဖြေရှာကြရန် တိုင်းအတွင်းနေ ကရင်ပြည်သူများနှင့် ပြည်ပရောက် ကရင်အဖွဲ့အစည်း ၄၆ ဖွဲ့ကလည်း တောင်းဆိုထားကြသည်။