တနင်္သာရီတွင် ဖခင်ဖြစ်သူက အိမ်ပေါ်မှပစ်ချသဖြင့် ၂နှစ်အရွယ် ကလေးသေဆုံး

0
817

တနင်္သာရီမြို့နယ်၊ မရင်းကြီးကျေးရွာတွင် ဖခင်ဖြစ်သူက ၂ နှစ်အရွယ်သမီးအား နေအိမ်ပေါ်မှ ပစ်ချသဖြင့် ကလေးဖြစ်သူ လည်ပင်းရိုးကျိုးကာ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

“ဆေးကြောင်တာလား၊ အရက်ကြောင်တာလားတော့ မသိဘူး။ အိမ်ပေါ်ကနေ ပစ်ချလိုက်လို့ ကလေး သေသွားတာလောက်ပဲ သိရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်မှာ နိုဝင်ဘာလ ၇ရက်နေ့က ဖြစ်ပွားခြင်းဖြစ်ပြီး ဖြစ်စဉ်အသေးစိတ်ကိုမူ Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ယင်းနေ့တစ်ရက်တည်းတွင် တနင်္သာရီမြို့နယ်၌ လူသတ်မှုနှစ်ခုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်စရစ်ကျေးရွာတွင် လူငယ်နှစ်ဦး ခိုက်ရန်ဖြစ်ရာမှ ဓားခုတ်မှုဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဓားခုတ်မှုဖြစ်ပွားသဖြင့် လူငယ်တစ်ဦးတွင် လည်ပင်း၊ ဦးခေါင်းနှင့် ဝမ်းဗိုက်တို့တွင် ဓားဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

မည်သည့်အကြောင်းအရင်းကြောင့် ဓားဖြင့်ခုတ်သတ်ခဲ့သည်ကို မသိရသေးကြောင်း ၎င်းက ပြောဆိုသည်။

အထက်ပါဖြစ်စဉ်နှစ်ခုလုံးတွင် ပြစ်မှုကျူးလွန်သည်ဟု ယူဆရသူ အမျိုးသားနှစ်ဦးစလုံးကို တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံများကဆိုသည်။

တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့ကမူ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး လတ်တလော ထုတ်ပြန်ထားခြင်း မရှိသေးသလို Dawei Watch ၏ မေးမြန်းမှုကိုလည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

တနင်္သာရီမြို့နယ်တွင် ယခင်လများကလည်း ခိုက်ရန်ဖြစ်ပွားကာ လူသတ်မှုဖြစ်ခဲ့သလို လက်သည်မပေါ်သည့် လူသတ်မှုအချို့လည်းရှိခဲ့သည်။