စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးချမှုကြောင့် ပုလောတွင်  PDF နှစ်ဦး ဒဏ်ရာရ

0
825
ပုံစာ - ကျောင်းနိမ့်ရွာရှိ ဗုံးချခံရသည့် နေအိမ်တစ်ဆောင်။ ဓာတ်ပုံ-ပုလောစစ်ကြောင်း(၁)

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ ကျောင်းနိမ့်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်၍ ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပုလောစစ်ကြောင်း(၁)က ထုတ်ပြန်သည်။

နိုဝင်ဘာလ ၃ ရက်နေ့ည ၁၀ နာရီကျော်ခန့်က စစ်ကောင်စီတပ်၏ ဒရုန်း ကျောင်းနိမ့်ရွာအတွင်းသို့ ကင်းထောက်ဝင်ရောက်လာပြီး ဗုံးသီး ၆ လုံးချခဲ့ရာ ပုလောစစ်ကြောင်း(၁)မှ ရဲဘော်နှစ်ဦး ထိမှန် ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရဲဘော်နှစ်ဦး၏ ဒဏ်ရာရရှိမှု အခြေအနေကိုမူ အသေးစိတ် ဖော်ပြထားခြင်းမရှိချေ။

ပြီးခဲ့သည့် အောက်တိုဘာလနှင့် ဧပြီလအတွင်းကလည်း ကျောင်းနိမ့်ရွာအတွင်း စစ်ကောင်စီတပ်မှ ဒရုန်းနှင့် ဗုံးသီးချခဲ့သည့်အတွက် အရပ်သား အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သေးသည်။

ယခင်ကတိုက်ပွဲများကြောင့် ကျောင်းနိမ့်ရွာဒေသခံများမှာ နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး လက်ရှိတွင်တော့ ပြန်လည်နေထိုင်နေကြပြီဖြစ်ကြောင်း ဒေသခံများ ထံမှသိရသည်။