ကလိန်အောင်သံပုရာသီး ရာသီအဖွင့်စျေးကောင်း

0
845

ယခုနှစ်ပွင့်လင်းရာသီအဖွင့်တွင် ထားဝယ်ခရိုင် ၊ ကလိန်အောင်ဒေသထွက် သံပုရာသီးများ စျေးကောင်းရနေသည်ဟု ကလိန်အောင်ဒေသခံ သံပုရာခြံလုပ်ငန်းရှင်များထံက သိရသည်။

“ အခုနှစ်လို အဖွင့်စျေးကောင်းတာ မကြုံဖူးဘူး သံပုရာသီးတစ်လုံးကို ၅၀၊ ၆၀(ကျပ်) ရတယ်။ အရင်နှစ်တွေက အဖွင့်စျေး တစ်လုံးကို တစ်ဆယ်၊ နှစ်ဆယ် ပဲရတယ် “ ဟုကလိန်အောင်မြို့က သံပုရာသီး ဥယျာဥ်ခြံ ပိုင်ရှင်အမျိုးသမီးတစ်ဦးကပြောသည်။

ရာသီဥတုကြောင့် ဥယျာဥ်ခြံအချို့တွင် သံပုရာပင်များ သေဆုံးခြင်းနှင့် သေဆုံးသွားသော သံပုရာပင်များနေရာတွင် သံပုရာပင်ပြန်မစိုက်ဘဲ ကွမ်း၊ရာဘာ စသဖြင့်အစားထိုးအပင်များ စိုက်ပျိုးကြခြင်းတို့ကြောင့် သံပုရာသီးအထွက်နည်းပြီး အဖွင့်စျေးကောင်းနေခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

သံပုရာပင်သည် တစ်နှစ်ပတ်လုံးမပြတ် ပွင့်သီးသော သီးနှံအမျိုးအစားဖြစ်ပြီး အောက်တိုဘာလမှ ဇွန်လအထိ အရောင်းရဆုံးကာလဖြစ်ပြီး သံပုရာသီးအရှားဆုံးကာလဖြစ်သည့် မတ်လတွင် သံပုရာသီးတစ်လုံးလျှင် ၂၀၀ ကျပ်အထိစျေးကောင်းရကြောင်း သံပုရာစိုက်တောင်သူများကဆိုသည်။

ကလိန်အောင်ဒေသတွင် သံပုရာဥယျာဥ်လုပ်ငန်း လုပ်ငန်းလုပ်ကိုင်သူ အများအပြားရှိပြီး ကလိန်အောင်ဒေသထွက် သံပုရာသီးကို တနင်္သာရီတိုင်းအတွင်း မြိတ်၊ပုလော စသည့်မြို့များသို့ တင်ပို့ပြီး အခြားဒေသများဖြစ်သည့် မော်လမြိုင်၊ကျိုက်ထို၊ ရန်ကုန်နှင့်နေပြည်တော်အထိ တင်ပို့ရောင်းချရကြောင်း ဥယျာဥ်ခြံရှင်များက ပြောသည်။