ပုလောထွက် ကွမ်းသီးနှင့်ရော်ဘာများ သယ်ယူခွင့်ပိတ်

0
777

မြိတ်ခရိုင်၊ ပုလောမြို့နယ်ကျေးရွာများမှ ထွက်ရှိသည့် ကွမ်းသီးနှင့်ရော်ဘာများကို စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များက ပုလောမြို့တွင်းသို့ သယ်ယူခွင့်ပိတ်လိုက်ကြောင်း ဒေသခံများ ထံမှသိရသည်။

ကွမ်းသီးနှင့်ရော်ဘာ သယ်ယူရောင်းချမှုကို ယခင်ကခွင့်ပြုထားသော်လည်း လက်ရှိတွင် ပုလောမြို့အတွင်းသို့ သယ်ခွင့်မပေးတော့ဟု ဒေသခံများကပြောသည်။

“ကွမ်းသီးရယ်၊ရော်ဘာခွက်ချေး(ရော်ဘာခွက်ခဲ)ရယ် ပေးမသယ်တော့ဘူး။ အရောင်းအဝယ်လည်း မရှိကြတော့ဘူး”ဟု ဒေသခံအမျိုးသား ကပြောသည်။

ပုလောမြို့နယ်အတွင်းရှိ ကျေးရွာနေ ဒေသခံများ စိုက်ပျိုးထုတ်လုပ်ထားသော ကွမ်းသီးနှင့်ရော်ဘာများကို ယခင်က ပုလောမြို့တွင်သွားရောက် ရောင်းချနေကြခြင်းဖြစ်သည်။

“မြို့ထဲသယ်ခွင့်မပေးတာ တစ်ပတ်လောက်ရှိပြီ။လက်ရှိမြိတ်ဖက်မှာ တစ်ချို့သွားရောင်းနေကြတယ်။ ရော်ဘာကတော့ (မြိတ်)ရှောင်ကွင်းလမ်းက ငါးအင်းရွာစက်ရုံမှာ သွားရောင်းကြတာများတယ်”ဟု ဒေသခံနောက်အမျိုးသားတစ်ဦး ကပြောသည်။

ပုလောမြို့နှင့် မြိတ်မြို့သည် မိုင် ၅၀ ကွာဝေးပြီး သယ်ယူစရိတ် ပိုမိုကုန်ကျနေ၍ တွက်ခြေမကိုက်ဟု ဒေသခံများကဆိုသည်။

Dawei Watch ၏ မေးမြန်းစုံစမ်းချက်အရ ပုလောဘက်မှ ရော်ဘာ၊ကွမ်းသီးများကို မြိတ်ဘက်သို့လည်း ယခုရက်ပိုင်းအတွင်း သယ်ဆောင်ခွင့်မပြုတော့ဟု သိရသည်။

“ပဝတ်ကုန်း၊ကဒဲ၊ မင်းထိန်၊ကျောင်းနိမ့် အဲဒီဖက်ကရော်ဘာတွေ အရင်က တပိုဒိုင်မှာရောင်းတယ်။ အခုတပို ကပိတ်ထားတော့ မြိတ်တက်ရောင်းတာ ဂိတ်တွေကဖြတ်ခွင့်မပေးဘူးလို့ ကြားရတယ်”ဟု ပုလောဒေသခံ အမျိုးသား ကပြောသည်။

စစ်ကောင်စီက ကွမ်းသီးနှင့်ရော်ဘာများကို မည်သည့်အကြောင်းပြချက်ဖြင့် သယ်ယူခွင့်မပြုသည်ကို Dawei Watch အနေဖြင့် မသိရသေးပေ။

ဒေသခံအချို့ကမူ အသက်မပြည့်သေးသည့် ၁၅ နှစ်အရွယ်ကလေးသုံးဦး အဖမ်းခံရမှုနှင့် ဆက်စပ်နေသည်ဟု ကြားသိရကြောင်း ဆိုသည်။

အောက်တိုဘာလ ၂၂ ရက်နံနက်က အသက် ၁၅ နှစ်အရွယ် ကလေးသုံးဦး ဆိုင်ကယ်တစ်စီးတည်း စီးလာချိန်တွင် ပုလောမြို့၊ နန်းတောင်ရွာ စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ယနေ့အထိပြန်လွတ်လာခြင်း မရှိသေးပေ။

“ကလေးတွေကို စစ်တဲ့အချိန် PDF တွေက ကွမ်းသီးတွေ၊ရော်ဘာတွေ ချက်နေကြတယ်ဆိုပြီး ပြောတယ်လို့ အသံကြားရတယ်။ ဟုတ်မဟုတ်တော့ မပြောတတ်ဘူး”ဟု ရော်ဘာတောပိုင်ရှင် အမျိုးသားကပြောသည်။

ပုလောမြို့နယ်တွင် ရော်ဘာအစေးခြစ်သည့်လုပ်ငန်းများ အောက်တိုဘာလတွင် ပြန်လည်စတင်နေပြီဖြစ်ပြီး အများစုမှာ ခွပ်ချေးခေါ် ရော်ဘာခွက်ခဲများ ပြုလုပ်ကြပြီး  ရော်ဘာအပြားကိုမူ ပြုလုပ်သူနည်းပါးကြောင်း ရော်ဘာစိုက်တောင်သူများ ထံမှသိရသည်။

ပုလောမြို့နယ်ကို စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေးကြေညာထားပြီး ကျေးရွာများသို့ ဆန်၊ဆီ၊ရိက္ခာ သယ်ယူခွင့် ကန့်သတ်ထားသည်။