ရှမ်းမြောက်တွင် မြို့သုံးမြို့ကို လက်လွှတ်လိုက်ရပြီဖြစ်ကြောင်း စစ်ကောင်စီဝန်ခံ

0
903
Photo – The Kokang ပုံစာ - MNDAA ထိန်းချုပ်ထားသည့် ချင်းရွှေဟော်မြို့။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တရုတ်နယ်စပ်ဂိတ်ရှိသည့် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ် (ပန်ဆိုင်း) မြို့တို့ကို လက်လွှတ် လိုက်ရပြီဖြစ်ကြောင်း စစ်ကောင်စီက ဝန်ခံလိုက်သည်။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ ၁ရက်နေ့တွင် ပြောဆိုခြင်း ဖြစ်သည်။

“ဒီအချိန်မှာတော့ ကျွန်တော်တို့ အစိုးရရယ်၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ လုံခြုံရေးအဖွဲ့အစည်းတွေ လက်လွှတ် ခဲ့ရတဲ့ နေရာတွေရှိပါတယ်။ ဒါကတော့ ချင်းရွှေဟော်ရယ်၊ ဖောင်းဆိုင်ရယ်၊ ကြူကုတ်ရယ်၊ ဒီသုံးမြို့တော့ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့အားလုံးနီးပါး ထိန်းချုပ်ခံထားပြီဆိုသည့် သတင်းများ ထွက်ပေါ်နေပြီး ယင်းသတင်းမှာ မမှန်ကြောင်းလည်း ပြောဆိုသည်။

အောက်တိုဘာလ ၂၇ ရက်နှင့် ၂၈ ရက်တွင် ချင်းရွှေဟော်၊ မုံးကိုး၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုးမြို့နယ်တို့တွင် တိုက်ခိုက်ခံရပြီး ၂၉ ရက်တွင် သိန္နီ၊ လားရှိုး၊ နမ္မတူ၊ ဟိုပန်၊ နောင်ချိုတို့တွင် ဆက်လက်ဖြစ်ပွားကြောင်း ၎င်းက ဆိုသည်။

အောက်တိုဘာလ ၃၀ ရက်နေ့တွင် နမ့်ခမ်း၊ မိုးကိုး၊ ကွတ်ခိုင်၊ လားရှိုး၊ နမ္မတူတို့တွင် ဆက်လက်ဖြစ်ပွားပြီး ၃၁ ရက်နေ့တွင် လားရှိုးမြို့နယ်တွင် ဖြစ်ပွားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

နိုဝင်ဘာလ ၁ ရက်နေ့တွင် ကွမ်းလုံတွင် ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ဆိုသည်။

ရှမ်းမြောက်ဒေသတွင် ၁၀၂၇ စစ်ဆင်ရေးကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် MNDAA၊ တအာင်းတပ် TNLA ၊ ရခိုင်တပ် AA တို့က အောက်တိုဘာလ ၂၇ရက်နေ့မှ စတင်ကာ လုပ်ဆောင်နေခြင်းဖြစ်သည်။

စစ်ဆင်ရေး ၆ ရက်မြောက်နေ့အထိ စစ်ကောင်စီတပ်စခန်း ၈၇ ခု တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် သိန္နီမြို့တို့ကို လုံးဝထိန်းချုပ်ထားနိုင်ကြောင်းလည်း မဟာမိတ်ဘက်က ထုတ်ပြန်ထားသည်။

စစ်ကောင်စီဘက်က လက်နက်ချ အလင်းဝင်ရောက်သူ ရာဂဏန်းရှိနေပြီး လက်နက်ခဲယမ်း မြောက်များစွာ သိမ်းဆည်းရမိကြောင်းလည်း ထုတ်ပြန်ထားသည်။

ယနေ့ နိုဝင်ဘာလ ၂ရက် နံနက်တွင်လည်း ကိုးကန့်ခရိုင်၊ တုန်ရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို သိမ်းယူလိုက်ကြောင်း MNDAA က ထုတ်ပြန်ထားသည်။