ထိုင်းတွင် ကားပစ္စည်းစက်ရုံက မြန်မာလုပ်သားများ လုပ်ခမရသဖြင့် တရားရုံးတွင် တိုင်တန်း

0
438

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် နောယိုင်ရှိ ကားပစ္စည်း၊ သံပစ္စည်းများ ထုတ်လုပ်သော CNA Inter Coating စက်ရုံက မြန်မာအလုပ်သမားများသည့် လုပ်အားခမရသဖြင့် အလုပ်ရှင်ကို တရားရုံးတွင် တိုင်တန်းထားကြောင်း အလုပ်သမားများက ပြောသည်။

အချိန် လေးလကျော်ကြာသည်အထိ လုပ်အားခမပေးဘဲ အလုပ်ခိုင်းစေခဲ့ကြောင်း အလုပ်သမားတစ်ဦးက ဆိုသည်။

“အမတို့ လတိုင်းလတိုင်းတောင်းတယ်။ စားဖို့မရှိဘူး။ ဒုက္ခရောက်တယ်ဆိုပြီး တောင်းတယ်။ (အလုပ်ရှင်ဘက်က) သူက ဘာပြောလဲဆိုတော့ ပထမဆုံးလကလေ ဘဏ်က ပိုက်ဆံထုတ်လို့ မရလို့ပါတဲ့။ နောက်ကျတော့ ပစ္စည်းဖိုးတွေ customer ဆီက ပိုက်ဆံမရလို့တဲ့။ တစ်မျိုးပြီးတစ်မျိုး လိမ်တယ်။ နောက်ကျတော့ သူ့စက်ရုံကို အပေါင်ခံမလို့တဲ့။ အပေါင်ခံရင် ပိုက်ဆံရမယ်။ အဲဒီခါကျရင်ပေးပါ့မယ် လုပ်ပြန်ရော” ဟု ၎င်းက ပြောဆိုသည်။

ပြီးခဲ့သည့် ဧပြီလမှစ ဩဂုတ်လအထိ လုပ်အားခမရရှိကြသဖြင့် မြန်မာအလုပ်သမား ၁၅ဦး အလုပ် ဆက်မလုပ် နိုင်တော့ဘဲ အလုပ်ထွက်လာခဲ့ကြောင်း အထက်ပါအလုပ်သမားက ဆိုသည်။

လုပ်အားခ အနည်းဆုံး နှစ်လစာမှ လေးလစာအထိ မရရှိသဖြင့် အလုပ်သမား ၁၅ဦးအတွက် လုပ်အားခ ဘတ်သုံးသိန်းကျော် ရရှိရန် ရှိနေကြောင်း အလုပ်သမားများထံမှ သိရသည်။

အလုပ်သမားများတွင် တရားဝင် MoU စနစ်ဖြင့် လာရောက်လုပ်ကိုင်သူများ၊ ယာယီနေထိုင်လုပ်ကိုင်ခွင့်လက်မှတ် ပန်းရောင်ကတ်ကိုင်ဆောင်ထားသူများနှင့် ပန်းရောင်ကတ် လျှောက်ထားပြီး Name List ကိုင်ဆောင်ထားသူများ ပါဝင်ကြောင်း အလုပ်သမားများထံမှ သိရသည်။

မြန်မာအလုပ်သမားများသည် လနှင့်ချီ အလုပ်လုပ်ကိုင်ခဲ့သော်လည်း လုပ်အားခမရရှိသဖြင့် စားဝတ်နေရေး အခက်အခဲများဖြစ်ပေါ်နေသောကြောင့် ကူညီဖြေရှင်းပေးရန် WAG အဖွဲ့ထံသို့ တိုင်ကြားလာကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

WAG အဖွဲ့က ထိုင်းအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး (ဆဝါဒီကန်) သို့ တိုင်ကြားပေးခဲ့သော်လည်း အချိန် နှစ်လကျော်ကြာသည်အထိ ဖြေရှင်းပေးမှုမရှိခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။

ထို့ကြောင့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် WAG အဖွဲ့နှင့် အလုပ်သမားများ ပူးပေါင်းကာ ချွန်ဘူရီတရားရုံးသို့ လွှဲပြောင်း တိုင်ကြားခဲ့ကြောင်း အဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက ပြောသည်။

“တရားရုံးတက်မယ်လို့ပြောတဲ့နေ့မှာပဲ ကျွန်တော်တို့နဲ့ (စက်ရုံဘက်က) လာညှိနှိုင်းတဲ့အချိန်မှာ ကျွန်တော်တို့က လက်မခံပေးနိုင်ဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ပွဲစားတွေ မဟုတ်ဘူး။ အလုပ်သမားတွေဘက်က ရပ်တည်တဲ့အတွက် အလုပ်သမားတွေနဲ့ပဲ တိုက်ရိုက်ဖြေရှင်းပေးချင်တယ်။ ညှိနှိုင်းပေးချင်တယ်။ ဒါကြောင့် တရားရုံးတက်ဖို့ တောင်းဆိုထားတယ်” ဟု ၎င်းက ပြောဆိုသည်။

လုပ်အားခ မပေးရသည့်အကြောင်းရင်းမှာ အလုပ်သမားများကြောင့် စက်ရုံကုန်ကြမ်းများ ဆုံးရှုံးမှုရှိပြီး စက်များ ပျက်စီး ခဲ့သည်ဟု အလုပ်ရှင်က စွပ်စွဲကာ အကြောင်းပြချက်ပေးပြီး လာမရှင်းနိုင်ဟု ပြောဆိုခဲ့ကြောင်း ၎င်းကဆို သည်။

မြန်မာအလုပ်သမားများ အလုပ်ထွက်လာပြီးနောက် ရက်ပိုင်းအတွင်းမှာပင် ပွဲစားမှတစ်ဆင့် နောက်ထပ် မြန်မာ အလုပ်သမားအသစ်များကို ခေါ်ယူခိုင်းစေခဲ့ပြီး တစ်လလုပ်ပြီးနောက် လုပ်အားခ မရသဖြင့် ပြန်ထွက် သွားကြသည်ဟု ကြားသိရကြောင်း အလုပ်သမားများထံမှ သိရသည်။