ထားဝယ်ထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး အမောဖောက်သေဆုံး

0
848

ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး ယနေ့ နံနက် ၁၀ နာရီခန့်တွင် အမောဖောက် သေဆုံးသွားကြောင်း မိသားစုဝင်နှင့် ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် (DPPN) ထံမှ သိရသည်။

သေဆုံးသူမှာ အသက် ၄၄ နှစ်အရွယ် ဦးကျော်သိန်းအမည်ရှိ နိုင်ငံရေးအကျဉ်းသားဖြစ်ပြီး လောင်းလုံးမြို့နယ် ဟင်းချိုတောရွာ ဇာတိဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

၎င်းသည် အမောဖောက်လာသဖြင့် ထောင်တွင်းဆေးခန်းတွင် ဆေးကုသမှုခံယူသော်လည်း အခြေအနေ မကောင်း သဖြင့် ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ချိန် လမ်းတွင် သေဆုံးသွားကြောင်း DPPN ထံမှ သိရသည်။

ဦးကျော်သိန်းသည် ကျန်းမာရေးကောင်းမွန်ပြီး ရောဂါအခံကြီးကြီးမားမား မရှိသူဖြစ်ကြောင်း အစ်မတော်စပ်သူက ပြောသည်။

“မနေ့က ထောင်ဝင်စာသွားတွေ့တယ်။ စကားပြောနေတာရတာပဲ။ ကောင်းကောင်းမွန်မွန်ပဲ။ အခုသေဆုံးတယ်လို့ သတင်းကြားရတော့ အံ့အံဩဩပဲ။ မယုံလို့ တက်လိုက်ကြည့်သေးတယ်။ ထားဝယ်ဆေးရုံကြီးကို” ဟု ၎င်းက ပြောဆိုသည်။

ထောင်ဝင်စာ သွားတွေ့ချိန်တွင် ခန္ဓာကိုယ်တွင် ယားယံအဖုများရှိနေသဖြင့် ညဘက် အိပ်မရဟု ဦးကျော်သိန်းက ပြောဆိုခဲ့ကြောင်း ၎င်းက ပြန်လည်ပြောဆိုသည်။

လက်ရှိတွင် ဦးကျော်သိန်း၏ ရုပ်အလောင်းကို ထားဝယ်ဆေးရုံကြီး ရင်ခွဲရုံတွင် ထားရှိထားပြီး မနက်ဖြန် အောက်တိုဘာလ ၂၈ရက်တွင် သင်္ဂြိုဟ်နိုင်ရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း အစ်မတော်စပ်သူ ဆိုသည်။

ယခုသေဆုံးမှုသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်ထောင်တွင် နိုင်ငံရေးအကျဉ်းသားသေဆုံးမှု ပထမဆုံး အကြိမ် ဖြစ်ကြောင်း DPPN က ထုတ်ပြန်ထားသည်။

ဦးကျော်သိန်းသည် ယခုနှစ် မတ်လတွင် ရွာထဲသို့ စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၁၊ ၅၂၊ ၅၀ (ည) များဖြင့် တရားစွဲခံရကာ ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံခဲ့ရသည်။

ဖမ်းဆီးခံရစဉ်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အပြင်းအထန်ရိုက်နှက် နှိပ်စက်ခံရသေးကြောင်း ဦးကျော်သိန်းနှင့် နီးစပ်သူအချို့ထံမှ သိရသည်။

လက်ရှိ ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ငါးရာဝန်းကျင်ရှိပြီး ထောင်တွင်း ဆေးခန်းတွင်လည်း ဆေးဝါးလုံလုံလောက်လောက် ကုသပေးမှု မရှိကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များထံမှ သိရသည်။