တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
1223

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

အောက်တိုဘာ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ

ဂါဇာဒေသတွင် အစ္စရေးက ညလုံးပေါက် မြေပြင်ထိုးစစ်ဝင်ရောက်

ဂါဇာဒေသမြောက်ပိုင်းကို အစ္စရေး စစ်တပ်က အောက်တိုဘာ ၂၆ ရက်နေ့မှာ ဝင်ရောက်ခဲ့ပြီး ဟာမတ်စ်စစ်သွေးကြွတွေရဲ့ ပစ်မှတ်တော်တော်များများကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောကြားလိုက်သည်။

ရက် ၂၀ လောက်ကြာလာခဲ့တဲ့ စစ်ပွဲမှာ အစ္စရေးစစ်တပ်က မြေပြင်ကနေ ပထမဆုံးဝင်ရောက်တိုက်ခိုက်တာပါ။

စစ်ပွဲကို နောက်တဆင့်တက်ဖို့ ပြင်ဆင်တဲ့ စစ်ဆင်ရေးတစ်ခုဖြစ်တယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

တင့်ကားတွေ၊ စစ်ကူတွေနဲ့ ဂါဇာမြောက်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အကြမ်းဖက်သမားတွေကို သုတ်သင်နိုင်ခဲ့သလို ဟာမတ်စ်တို့ရဲ့ အခြေခံအဆောက်အဦးတွေကိုလည်း ဖျက်စီးနိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။

ညလုံးပေါက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အစ္စရေးစစ်တပ်တွေ ဂါဇာဒေသကနေ ချက်ချင်း တပ်ပြန်ဆုတ်ခဲ့တယ်လို့ ဆိုပါတယ်။

အစ္စရေး-ဟားမတ်စ်တိုက်ပွဲကြောင့်အစ္စရေးဘက်က သေဆုံးသူ ၁၄၀၀ ကျော်ရှိခဲ့သလို လေကြောင်းတိုက်ခိုက်ခံရလို့ ဂါဇာဒေသဘက်မှာ သေဆုံးသူ ၆၀၀၀ ကျော်လာခဲ့ပါပြီ။

Ref: Aljazeera

………………………………..

ပြင်သစ်သမ္မတ အစ္စရေး ရောက်လာ

ပြင်သစ်သမ္မတ Emmanuel Macron ဟာ အစ္စရေးနိုင်ငံကို အောက်တိုဘာ ၂၄ ရက်နေ့မှာ သွားရောက်ခဲ့ပါတယ်။

အစ္စရေးနဲ့ စည်းလုံးမှုကို ပြသဖို့နဲ့ ဂါဇာဒေသမှာရှိတဲ့ အရပ်သားတွေကို လူသားချင်းစာနာမှု အကာအကွယ်ပေးဖို့ လာရောက်ခဲ့တာပါ။

ဟားမတ်စ်တွေ ထိန်းသိမ်းထားတဲ့ ဓားစာခံအားလုံးကို ပြန်လွှတ်ပေးဖို့က ထိပ်တန်းဦးစားပေးဖြစ်သင့်တယ်လို့ပြင်သစ်သမ္မတက ပြောကြားခဲ့ပါတယ်။

အစ္စရေးတစ်နိုင်ငံတည်း အထီးကျန်မနေစေရဘူးဆိုတာလည်း သိစေလိုတယ်လို့ အားပေးခဲ့ပါတယ်။

ဟားမတ်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်မှာ သေဆုံးသူ ၁၄၀၀ ကျော်ရှိတဲ့အထဲ ပြင်သစ်နိုင်ငံသား ၃၀ လည်း ပါဝင်ပါတယ်။

Ref: Aljazeera

………………………………..

အမေရိကန်မှာ ကား ၁၅၈ စီး ဆင့်တိုက်

အမေရိကန်ပြည်ထောင်စု လူဝီစီယားနားပြည်နယ်မှာ အောက်တိုဘာ ၂၃ရက်နေ့က ယာဉ်အစီး ၁၅၈ စီး အစုလိုက် ဆင့်တိုက်ခဲ့ကြပါတယ်။

နယူးအော်လင်းမြို့အနီး အဝေးပြေးလမ်းမ ၅၅ ပေါ်မှာ နှင်းမြူတွေ တအားဆိုင်းပြီး မြင်ကွင်းမကြည်လင်မှုကြောင့်လို့ဆိုပါတယ်။

တောမီးလောင်ကျွမ်းမှုနဲ့ မနက်ခင်းမြူတွေပေါင်းလိုက်လို့ အခြေအနေ ပိုမိုဆိုးရွားသွားတာပါ။

ဒီအဝေးပြေးလမ်းပေါ်က မတော်တဆဖြစ်ရပ်ကြောင့် လူ ၇ ဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

Ref: NBC

………………………………..

တရုတ်ကာကွယ်ရေးဝန်ကြီး ရာထူးကဖယ်ရှားခံရ

တရုတ်နိုင်ငံက ကာကွယ်ရေးဝန်ကြီး လီရှန်ဖူး (Li ShangFu) ကို အောက်တိုဘာ ၂၄ ရက်နေ့မှာ ရာထူးက ထုတ်ပယ်လိုက်ပါတယ်။

နိုင်ငံလုံးဆိုင်ရာ ပြည်သူ့လွှတ်တော်ရဲ့ အမြဲတမ်းကော်မတီ အစည်းအဝေးကနေ အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာလီကို ဖယ်ရှားလိုက်တာပါ။

မစ္စတာလီရှန်ဖူးကို ဖယ်ရှားလိုက်ရတဲ့အကြောင်းရင်းကိုတော့ ပြောပြထားခြင်းမရှိသေးသလို ဝန်ကြီးအသစ်ကိုလည်း မခန့်ထားသေးပါဘူး။

သူ့ကို ခန့်ထားပြီး ၇ လအကြာမှာ ဖယ်ရှားလိုက်တာဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက လူမြင်ကွင်းမှာ မတွေ့ရတော့ပါဘူး။

ယခင် နိုင်ငံခြားရေးဝန်ကြီး ကင်ဂန်း Qin Gang ကိုလည်း နိုင်ငံတော်ကောင်စီဝင်ရာထူးကနေ ဖယ်ရှားခဲ့ပါသေးတယ်။

Ref: BBC

………………………………..

ရုရှားက နျူကလီယားတိုက်ခိုက်မှုပုံစံပါဝင်တဲ့ စစ်ရေးလေ့ကျင့်

ရုရှားစစ်တပ်ဟာ ပုံတူနျူကလီးယား တိုက်ခိုက်မှုပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုတစ်ခုကို အောက်တိုဘာ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုကို သမ္မတပူတင် ကိုယ်တိုင် ဗွီဒီယိုကနေတဆင့် ကြီးကြပ်ခဲ့တာပါ။

နျူကလီးယားစမ်းသပ်မှုတားမြစ်ချက်ကို ဖျက်သိမ်းဖို့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီးနောက် အခုလို နျူကလီးယား ဗုံးကြဲတိုက်ခိုက်လေ့ကျင့်မှုပုံစံတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲကြောင့် ရုရှားနဲ့ အနောက်နိုင်ငံတွေကြား တင်းမာမှုတွေ မြင့်တက်လာချိန် အခုလို နျူကလီးယား စစ်ရေးလေ့ကျင့်တာလည်း ဖြစ်ပါတယ်။

စစ်ရေးလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်က ရန်သူရဲ့ ထိုးစစ်ဆင်တဲ့ တပ်ဖွဲ့တွေနဲ့ နျူကလီးယား တိုက်ခိုက်မှုတွေကို ရုရှားဘက်က တုံ့ပြန်နိုင်ဖို့ လေ့ကျင့်တာလို့ ကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။

Ref: BBC

………………………………..

ဘင်္ဂလားဒေ့ရှ်တွင် မုန်တိုင်းကြောင့် လူ ၂ သိန်း ၇သောင်းခန့် တိမ်းရှောင်ခဲ့

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆိုင်ကလုန်းဟာမွန်း ဝင်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်း ၂ သိန်း ၇ သောင်းခန့် အောက်တိုဘာ ၂၅ ရက်နေ့မှာ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရပါတယ်။

သစ်ပင်နဲ့ အဆောက်အဦးတွေ ပြိုကျတဲ့အတွက် လူ ၂ ဦးသေဆုံးပြီး အနည်းဆုံး လူ ၁၀ ဦး ဒဏ်ရာရရှိခဲ့တာပါ။

ကမ်းရိုးတန်းကျေးရွာတွေနဲ့ ကျွန်းတွေမှာ မိုးသည်းထန်စွာရွာသွန်းခဲ့လို့ လျှပ်စစ်ဓာတ်အားလိုင်းတွေ ပြတ်တောက်ကုန်ပါတယ်။

မုန်တိုင်းဟာ အောက်တိုဘာ ၂၅ ရက် နံနက်အစောပိုင်းမှာ စစ်တကောင်းနဲ့ ကော့ဘဇားကမ်းရိုးတန်းခရိုင် ကုန်းတွင်းပိုင်းတွေကို လေတိုက်နှုန်း တစ်နာရီ ၆၅ မိုင်အထိ တိုက်ခတ်ခဲ့ပါတယ်။

Ref: Hindustan Time

………………………………..

Mike Johnson ကို အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်

အမေရိကန်ပြည်ထောင်စုမှာ ရီပတ်ဘလီကန်အောက်လွှတ်တော်အမတ် Mike Johnson ကို အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် အောက်တိုဘာ ၂၅ ရက်နေ့မှာ ရွေးချယ်လိုက်ကြပါတယ်။

အောက်လွှတ်တော်ဥက္ကဋ္ဌနေရာကို ၂၂ ရက်ကြာ လစ်ဟာနေပြီးတဲ့နောက် ရွေးချယ်လိုက်ကြတာပါ။

သူ့ကို အောက်လွှတ်တော်ကနေ ထောက်ခံမဲ ၂၂၀၊ ကန့်ကွက်မဲ ၂၀၉ မဲနဲ့ ရွေးချယ်နိုင်ခဲ့ပါတယ်။

သူက ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပြောင်းပြန်လှန်ဖို့ ကြိုးစားပြီး သမ္မတဟောင်း Donal Trump ကို ဝိုင်းရံခဲ့တဲ့ ရီပတ်ဘလီကန်အမတ်တွေထဲက တစ်ဦးဖြစ်ပါတယ်။

ဒီမိုကရက်ပါတီက အောက်လွှတ်တော်အမတ် ၂၀၉ ဦးစလုံးကတော့ အောက်လွှတ်တော်လူနည်းစုခေါင်းဆောင် Hakeem Jeffries ကို မဲပေးခဲ့ကြပါတယ်။

ယခင်အောက်လွှတ်တော်ဥက္ကဋ္ဌ Kevin McCarthy ကို အောက်တိုဘာလ ၃ ရက်နေ့ကတည်းက တာဝန်ကနေ ဖယ်ရှားလိုက်ပြီးနောက် အောက်လွှတ်တော်ဥက္ကဋ္ဌနေရာ လစ်လပ်နေခဲ့တာ ဖြစ်ပါတယ်။

Ref: CNN

………………………………..

အမေရိကန်မှာ သေနတ်ပစ်ခတ်မှုကြောင့် လူ ၁၈ ဦး သေဆုံး

အမေရိကန် အရှေ့မြောက်ဘက်ခြမ်း Maine ပြည်နယ်အတွင်း အောက်တိုဘာ ၂၅ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

သေနတ်သမား Robert Card ဟာ သေနတ်ပစ် လေ့ကျင့်ပေးရေးဆရာတစ်ဦးလည်းဖြစ်သလို အမေရိကန် အရန်တပ်ဖွဲ့ဝင်တစ်ဦးလည်း ဖြစ်နေတာပါ။

သူဟာ Bowling အားကစားဆိုင်တခုထဲ ဝင်သွားပြီး မောင်းပြန်သေနတ်နဲ့ ပစ်ခတ်သွားခဲ့ပါတယ်။

နောက် အနီးဝန်းကျင်က Schemengees ဆိုတဲ့ ဘားနဲ့ အကင်ဆိုင်ကို ထပ်ဝင်ခဲ့ပြီး ပစ်ခတ်ခဲ့ပါသေးတယ်။

ဒါကြောင့် Bowling ဆိုင်ထဲ ၇ ဦး သေဆုံးပြီး ဘားဆိုင်မှာ ၈ ယောက် သေဆုံးကာ အခြား ၃ ဦးကတော့ ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။

သေနတ်သမားဟာ ဆေးမှတ်တမ်းအရ စိတ်ကျန်းမာရေး ချို့ယွင်းမှုရှိသူလို့ သိရပါတယ်။

ရဲနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက Maine ပြည်နယ်အတွင်း တပ်ဖြန့်ထားပြီး သူ့ကို အန္တရာယ်ရှိသူအဖြစ်သတ်မှတ်ထားကာ ဖမ်းဆီးရမိဖို့ ကြိုးပမ်းနေပါတယ်။

Ref: CNN

………………………………..

ကမ္ဘာ့အသက်အကြီးဆုံး ခွေး သေဆုံး

ကမ္ဘာ့အသက်အကြီးဆုံး ခွေးအဖြစ် ဂင်းနစ်စံချိန် တင်နိုင်ခဲ့တဲ့ ခွေးကြီး ဘော်ဘီ (Bobi) ဟာ ၃၁ နှစ်အရွယ် အောက်တိုဘာ ၂၁ ရက်မှာ သေဆုံးသွားခဲ့ပါပြီ။

သူ့ကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ဘော်ဘီဟာ ကမ္ဘာ့အသက်အကြီးဆုံး ခွေးအဖြစ် ဂင်းနက်စ်စံချိန်တင်ထားခဲ့တာပါ။

ဘော်ဘီဟာ ပေါ်တူဂီနိုင်ငံအလယ်ပိုင်းက ရွာငယ်လေးမှာ နေထိုင်ပြီး ပေါ်တူဂီခြံစောင့်ခွေးမျိုးစိတ်ဖြစ်တဲ့ ရာဖဲရိုခွေးတစ်ကောင် ဖြစ်ပါတယ်။

ရာဖဲရိုခွေးတွေဟာ သက်တမ်း ၁၂ နှစ်ကနေ ၁၄ နှစ်ကြားပဲ ရှင်သန်နိုင်လေ့ရှိပေမဲ့ ဘော်ဘီကတော့ ၃၁ နှစ်အထိ အသက်ရှည်ခဲ့ပါတယ်။

Ref: BBC

………………………………..

အသက် ၁၄ နှစ်အရွယ် ကောင်လေးက အရေပြားကင်ဆာကို ကုသပေးနိုင်သော ဆပ်ပြာကို တီထွင်ပြီး ဆုရရှိ

အသက် ၁၄ နှစ်အရွယ် အလယ်တန်းကျောင်းသားလေး ဟီမန်ဘီကီလီက အရေပြားကင်ဆာကို ကုသပေးနိုင်တဲ့ ဆပ်ပြာကို တီထွင်ပြီး နာမည်ကျော်သိပ္ပံပြိုင်ပွဲမှာ ပထမဆု ဆွတ်ခူးသွားခဲ့ပါတယ်။

အရေပြားကင်ဆာခံစားနေရသူတွေက အမေရိကန်မှာ နှစ်စဉ် ၁ သိန်းလောက်ရှိနေပြီး ပျှမ်းမျှ ၈၀၀၀ လောက်သေဆုံးနေခဲ့တာပါ။

သူက ဗာဂျီးနီးယားပြည်နယ် အန်နန်ဒဲလ်မြို့ အထက်တန်းကျောင်းမှာ ပညာသင်ကြားနေပြီး ငယ်ငယ်တည်းက တီထွင်ရကြိုက်သူဖြစ်ပါတယ်။

ဟီမန်ဘီကီလီဟာ Young Scientist Challenge သိပ္ပံပြိုင်ပွဲမှာ ပထမဆု ဆွတ်ခူးနိုင်ခဲ့လို့ အမေရိကန်ဒေါ်လာ ၂၅၀၀၀ ရရှိခဲ့ပါတယ်။

သူဟာ ဆပ်ပြာကို တီထွင်ဖို့ အချိန် လေးလကြာခဲ့ပြီး ဆပ်ပြာတန်ဖိုးကလည်း ဒေါ်လာ ၁၀ အောက်သာရှိနေခဲ့ပါတယ်။

သူဟာ အီသီယိုးပီးယားမှာ နေထိုင်စဉ် လူတွေ နေပူပူအောက် အလုပ်လုပ်နေကြတာကို မြင်ပြီး အိုင်ဒီယာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

Ref: NDTV

………………………………..