ထိုင်းတောင်ပိုင်းတွင် MoU မြန်မာလုပ်သား ၆၀ ခန့် အလုပ်မရသဖြင့် အခက်အခဲဖြစ်နေ

0
835

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်နှင့် ကရဘီခရိုင်ရှိ MoU မြန်မာအလုပ်သမား ၆၀ ခန့်သည် ထိုင်းစရောက်သည့်နေ့မှစ၍ အလုပ်မဆင်းရသေးသဖြင့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း အလုပ်သမားများနှင့် အလုပ်သမားကူညီစောင့်ရှောက်ရေး WAG အဖွဲ့ထံမှ သိရသည်။

မြန်မာအလုပ်သမား ၅၉ ဦးကို မြန်မာအေဂျင်စီ ပြည့်ပိုင်မှူးက အောက်တိုဘာ ၁၂ ရက်နေ့တွင် တရတ်ခရိုင်ရှိ ဆောက်လုပ်ရေးကုမ္ပဏီတွင် လုပ်ကိုင်ရန် နှစ်နှစ်စာချုပ်ဖြင့် စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ထိုင်းနိုင်ငံသို့ ရောက်ရှိသောအခါ ဖူးခက်ခရိုင်နှင့် ကရဘီခရိုင်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်များသို့ အလုပ်သမားများကို ခွဲ၍ စေလွှတ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းခွင်သို့ ရောက်ရှိသော်လည်း အောက်တိုဘာ ၂၆ ရက်နေ့အထိ အလုပ်မဆင်းရ အလုပ်မရှိဘဲ ဖြစ်နေသဖြင့် စားဝတ်နေရေးအတွက် အခက်အခဲများစွာ ဖြစ်နေကြောင်း မြန်မာအလုပ်သမားများက ပြောသည်။

 “စားဝတ်နေရေးက အခက်အခဲဆုံးဖြစ်နေတယ်။ စတက်လာကတည်းက ကိုယ့်စရိတ်နဲ့ကိုယ် စားနေရတာဆိုတော့ ပြတ်လတ်ကုန်ပြီ” ဟု မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။

မြန်မာအေဂျင်စီဘက်က အောက်တိုဘာ ၂၃ ရက်နေ့တွင် အလုပ်ဆင်းခိုင်းမည်ဟု လာရောက်ပြောဆိုခဲ့သော်လည်း ယနေ့အထိ အလုပ်မရရှိသေးသဖြင့် ပြန်လည်ဆက်သွယ်ရာ ခဏစောင့်ပါ ဟုသာ ဖြေကြားခဲ့ပြီး ဖြေရှင်းပေးနိုင်ခဲ့ခြင်းမရှိကြောင်း ၎င်းကဆိုသည်။

လာရောက်တွေ့ဆုံသောနေ့တွင် ဘတ် ၁၀၀၀ နှင့် ထိုင်းဘက်က ဘတ် ၅၀၀ သာထုတ်ပေးထားသော်လည်း ဖူးခက်သည် ကုန်ဈေးနှုန်းမြင့်မားသဖြင့် လုံလောက်မှုမရှိခဲ့ကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။

လက်ရှိအချိန်တွင် အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် WAG အလုပ်သမားအဖွဲ့ကို အကူအညီတောင်းခံထားကြောင်း မြန်မာအလုပ်သမားများက ပြောသည်။

မြန်မာအေဂျင်စီများဘက်က အလုပ်ခေါ်အရေအတွက်ထက် ပိုမိုစေလွှတ်မှုများရှိလာသဖြင့် ထိုင်းသို့ ရောက်ရှိလျှင် မြန်မာအလုပ်သမားများ အလုပ်ပုံမှန်မရရှိခြင်း၊ အလုပ်မရရှိခြင်းများလည် ဆက်တိုက်ကြုံတွေ့နေရကြောင်း WAG အဖွဲ့က ကိုမုန်တိုင်းက ပြောသည်။

“လုပ်ငန်းတွေမှာ လိုက်ထိုးထည့်တဲ့ ပုံစံလိုမျိုးပေါ့။ သူတို့သွားလုပ်မယ်။ ၃ ရက်လောက်ဆင်းပြီး နောက်နေ့ကျတော့ ဒီအလုပ်သမားတွေက အလုပ်မရှိတော့ဘူး။ ထိုင်နေရတဲ့ ပုံစံလိုမျိုးဖြစ်တာပေါ့။ အဓိကကတော့ အလုပ်မရှိတာ။ အလုပ်မပြနိုင်တာ” ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် အလုပ်သမားများက အလုပ်အမြန်ဆုံး လုပ်ကိုင်ရန်နှင့် လုပ်ငန်းခွင် ပြောင်း၍ လုပ်ကိုင်လိုသည်ဟု တောင်းဆိုထားပြီး WAG အဖွဲ့ကလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။