ထားဝယ် ငါးဈေးသစ် ဗုံးချတိုက်ခိုက်မှုတွင် လူငယ်အလုပ်သမားနှစ်ဦး ဒဏ်ရာရရှိ

0
1671

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်ရှိ အောင်တံခွန် ငါးဈေးအသစ်၏ခေါင်းမိုးပေါ် သို့ ယနေ့(အောက်တိုဘာ ၂၃) နေ့လယ် ၁ နာရီခန့် က ဗုံးချတိုက်ခိုက်မှုဖြစ်ပေါ်ခဲ့ပြီး ဈေးရုံအတွင်းပန်းရန်လုပ်နေသည့် လူငယ်အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ငါးလေလံဈေးနှင့် နီးစပ်သူများထံမှသိရသည်။

အဆိုပါ ဗုံးမှာ ဈေးရုံ၏ ခေါင်းမိုးပေါ် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဈေးရုံအတွင်း ပန်းရန်လုပ်နေသည့် အသက် ၁၄ နှစ်အရွက်ရှိ ကျောင်းသားလူငယ်တစ်ဦးနှင့် အခြားပန်းရန်လုပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ထိခိုက်ဒဏ်ရာရရှိသူမှာ ထားဝယ်မြို့ ဝဲကျွန်းမြို့သစ် ၅ လမ်းတွင်နေထိုင်သည့် အသက် ၁၄ နှစ်အရွယ်ရှိ မောင်အောင်ကောင်းမြတ်ဆိုသူ နှင့် အသက် ၂၂ အရွယ်ရှိအမျိုးသားတစ်ဦးတို့ ဖြစ်သည်။

ဗုံးစထိမှန်သည့်ဒဏ်ရာကြောင့် မောင်အောင်ကောင်းမြတ်၏ ညာဘက် ချိုင်းအောက်နှင့် ပခုံးတို့တွင် ဒဏ်ရာများရရှိခဲ့ပြီး အခြားအမျိုးသားတွင် အနည်းငယ်ပွန်းပဲ့ဒဏ်ရာသာရရှိခဲ့သည်ဟု မောင်အောင်ကောင်းမြတ်၏ ဖခင်ဖြစ်သူကပြောသည်။

“ကလေးက သီတင်းကျွတ် ကျောင်းပိတ်လို့ ပန်းရန်လုပ်နေတာ တစ်ရက်ပဲရှိသေးတယ်။ ဘယ်သူလုပ်မှန်းမသိတော့ ဘာပြောရမှာလဲဗျာ ဖခင်တစ်ယောက်အနေနဲ့ ကိုယ့်သားခံရတော့လည်း ဒေါသတော့ဖြစ် မိတယ်”ဟု ဖခင်ဖြစ်သူကပြောသည်။

ထားဝယ်မြို့ ကြက်စာပြင်ရပ်ကွက်ရှိ အဆိုပါငါးဈေးသည် ၂၀၂၂ ခုနှစ် ဧပြီလမှ စတင် တည်ဆောက်ထားခြင်းဖြစ်သည်။

ထားဝယ်မြို့အစွန်တွင်ရှိပြီး လမ်ပန်းဆက်သွယ်ရေးခက်ခဲခြင်း ၊ဆိုင်ခန်းခ ဈေးကြီးခြင်း၊ ဈေးသည်များကို ဆိုင်ခန်းအတင်းအကျပ် ဝယ်ယူခိုင်းခြင်းများကြောင့် ဒေသခံများက အဆိုပါဈေးနှင့်ပတ်သက်ပြီး ဝေဖန်မှုများရှိခဲ့သည်။

အောင်တံခွန်ငါးဈေး-ထားဝယ်လူမှုကွန်ရက်စာမျက်နှာတွင် ၎င်းတို့အနေဖြင့် အတင်းအကျပ်ဆိုင်ခန်း ဝယ်ယူခိုင်းခြင်းမျိုးလုပ်မည်မဟုတ်ကြောင်း ရေးသားထားသည်။

အဆိုပါငါးဈေးကို မည်သည့်အဖွဲက မည်သည့်အကြောင်းရင် တိုက်ခိုက်ခဲ့သည်ကို Dawei Watch အနေဖြင့် အသေးစိတ်မသိရသေးပေ။

ဒဏ်ရာရရှိသည့် လူငယ်အမျိုးသားနှစ်ဦးကို ယနေ့ မွန်းလွဲ နှစ်နာရီခန့်က အရေးပေါ်ကားဖြင့် လာရောက် ခေါ်ဆောင်သွားကြောင်း ဈေးရုံအနီးရှိဒေသခံများ၏ ပြောကြားချက်အရသိရသည်။