မြိတ်တွင် တစ်ပတ်ရစ်ဆိုင်ကယ်ဈေးကျပြီး အရောင်းအဝယ်ပါး

0
756

မြိတ်မြို့တွင် တစ်ပတ်ရစ်မော်တော်ဆိုင်ကယ်များ ဈေးကျနေပြီး အရောင်းအဝယ်ပါးနေကြောင်း ယင်းဆိုင်ကယ်ဈေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ လကုန်ခန့်မှစပြီး ဈေးနှုန်းများ ကျဆင်းလာပြီး အရောင်းအဝယ်ပါးနေခြင်းဖြစ်ကြောင်း တစ်ပတ်ရစ်ဆိုင်ကယ်အရောင်းအဝယ် ပြုလုပ်သူအချို့က ပြောသည်။

မန္တလေးဘက်က ဝယ်လိုအား ကျဆင်းသွားခြင်းကြောင့် မြိတ်ဈေးကွက်တွင် ဆိုင်ကယ်ဈေးကျကာ အရောင်းအဝယ် နည်းသွားခြင်းဖြစ်ကြောင်း တစ်ပတ်ရစ်ဆိုင်ကယ် အရောင်းအဝယ်ပြုလုပ်သူတစ်ဦးက ဆိုသည်။

“မန္တလေးဈေးကွက်ကြောင့်ပါ။ တစ်ပတ်ရစ်ဘီးတွေက မန္တလေးဘက်က အဝယ်များတယ်။ ဝယ်လက်မရှိတော့ ဈေးတွေကျပြီး အရောင်းပါးသွားတာပါ” ဟု ၎င်းက ပြောဆိုသည်။

ထားဝယ်ဈေးကွက်တွင်လည်း တစ်ပတ်ရစ်ဆိုင်ကယ်ရောင်းအားကျကာ ဈေးကျနေသည့်အတွက် နောက်ထပ်ဝယ်ယူသည့် ဆိုင်ကယ်များကို ဈေးချိန်ဆကာ ဝယ်ယူနေရကြောင်း ထားဝယ်မြို့ရှိ ဆိုင်ကယ်ဝယ်ရောင်းသမားတစ်ဦးက ဆိုသည်။

ဒေသတွင်း စစ်ရေးပဋိပက္ခပြင်းထန်နေခြင်းနှင့် မန္တလေး အပါအဝင် တိုင်းပြင်ပ ဝယ်လက်များ၏ ဝယ်လိုအားကျဆင်း လာခြင်းကြောင့် အရောင်းအဝယ်ပါးနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“မန္တလေးဘက်မှာလည်း ဆိုင်ကယ်လိုအပ်ချက် ပြည့်သွားလို့ ဝယ်အားနည်းသွားတာလို့ ထင်တယ်” ဟု အဆိုပါ ဆိုင်ကယ်ဝယ်ရောင်းသမားက ဆိုသည်။

မြိတ်မြို့ရှိ တစ်ပတ်ရစ်ဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင်ကလည်း အပြစ်အနာအဆာများသည့် ဆိုင်ကယ်များကို ပို့မိကြသဖြင့် မန္တလေးဝယ်လက်က ဆိုင်ကယ်များကို ပြန်လည်ပို့ဆောင်မှုများ ရှိလာပြီးနောက် အရောင်းအဝယ် ပါးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

“မြိတ်က ပို့လိုက်တဲ့ ဆိုင်ကယ်တွေက မကောင်းဘူး။ သံချေးလိုက်တာတွေ ရှိတယ်ဆိုပြီးတော့ မဝယ်ကြတော့ဘူး။ မဝယ်တော့ ဈေးတွေ ထိုးကျကုန်တာ” ဟု ၎င်းက ပြောဆိုသည်။

ယခင်က နေ့တိုင်းနီးပါး အစီးရေ လိုသလောက်မှာယူနေရာမှ လက်ရှိတွင် တစ်ပတ်မှ တစ်စီးတစ်လေသာ မှာယူနေကြကြောင်း ၎င်းက ဆိုသည်။

“ဈေးကျသွားတာ ဝယ်ရင်းဈေးတောင် ပြန်မရတော့ဘူး။ လက်ထဲမှာ ပိုက်ဘောမိ‌နေကြတာ။ ပြန်ရောင်းရင် ရှုံးမယ်။ မရောင်းပြန်ရင်လည်း ငွေမြုပ်နေတာပေါ့” ဟု တစ်ပတ်ရစ်ဆိုင်ကယ် အရောင်းအဝယ် ပြုလုပ်နေသူတစ်ဦးက ပြောသည်။

၎င်းသည် ငွေသိန်းတစ်ရာဖြင့် ဆိုင်ကယ်သုံးစီးအား ဝယ်ယူထားပြီး၊ တစ်စီးလျှင် တစ်သိန်းမှ နှစ်သိန်းခွဲအထိ ဈေးကျဆင်းနေသဖြင့် အရှုံးပေါ်ဟု ဆိုသည်။

မြိတ်တွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဆိုင်ကယ်အဝယ်လိုက်ပြီး တစ်စီးလျှင် နှစ်သိန်းမှ ငါးသိန်းအထိ မြင့်တက်ခဲ့သည်။

မော်‌တော်ဆိုင်ကယ်တို့အနက် (ယ) လိုင်စင်များကို မန္တလေးဘက်က အများဆုံးဝယ်ယူလေ့ရှိကြောင်း ဆိုင်ကယ်ဈေးကွက်မှ စုံစမ်းသိရှိရသည်။

လက်ရှိ မြိတ်ဆိုင်ကယ်ဈေးကွက်တွင် အကြမ်းစီးဘီး (မော်ဒယ်နိမ့်အောက်ဘီး) များသာ အရောင်းအဝယ် ဖြစ်နေကြကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။