တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
897

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

အောက်တိုဘာ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ

ဂါဇာဆေးရုံတိုက်ခိုက်ခံရမှုကြောင့် လူ ၅၀၀ ကျော်သေဆုံး

ဂါဇာအလယ်ပိုင်းမှာရှိတဲ့ အန်ဂလီယန် ခရစ်ယာန်အသင်းက ဖွင့်ထားတဲ့ ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရလို့ ဒုက္ခသည်တွေအပါအဝင် လူပေါင်း ၅၀၀ ကျော်အထိ သေဆုံးခဲ့ရပါတယ်။

ဆေးရုံဟာ အောက်တိုဘာ ၁၇ ရက်နေ့က လေကြောင်းဖြင့်တိုက်ခိုက်ခံခဲ့ရလို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။

ဆေးရုံမှာ နာမကျန်းတဲ့သူ ဒဏ်ရာရနေတဲ့သူတွေနဲ့အတူ ဂါဇာမြောက်ပိုင်းကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေ ခိုလှုံနေခဲ့ကြပါတယ်။

ဟားမတ်စ်အဖွဲ့ကတော့ အစ္စရေးက ဆေးရုံကို လေကြောင်းတိုက်ခိုက်ခဲ့တာက လူမျိုးတုံးသတ်ဖြတ်တာလို့ အပြစ်တင်ထားပါတယ်။

အစ္စရေးဘက်ကလည်း ဆေးရုံတိုက်ခိုက်တာက သူတို့လက်ချက်မဟုတ်ဘဲ ပါလက်စတိုင်း အစ္စလာမ်မစ် ဂျီဟတ်အဖွဲ့ရဲ့ လက်ချက်လို့ စွပ်စွဲထားပါတယ်။

ဂျီဟတ်အဖွဲ့ကတော့ သူတို့လက်ချက်မဟုတ်ကြောင်း ငြင်းဆိုထားပြီးသားပါ။

ဆေးရုံတိုက်ခိုက်ခံရပြီးတဲ့နောက် ဂျော်ဒန်နိုင်ငံက အမေရိကန်သမ္မတနဲ့ တွေ့ဆုံပွဲကို ဖျက်သိမ်းခဲ့ကာ စစ်ကို ရပ်ဖို့ကလွဲလို့ ကျန်တာပြောစရာမရှိဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

Ref: Aljazeera

………………………………..

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစ္စရေးရောက်ရှိ

ဂါဇာအလယ်ပိုင်းက ဆေးရုံ လေကြောင်းတိုက်ခိုက်ခံခဲ့ရလို့ တင်းမာမှုတွေ မြင့်တက်ချိန်မှာပဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အောက်တိုဘာ ၁၈ ရက်နေ့မှာ အစ္စရေးနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။

အစ္စရေးနဲ့အတူ ရပ်တည်မှုကို ပြသလိုတာကြောင့် သမ္မတဂျိုးဘိုင်ဒင်က ရောက်ရှိလာခဲ့တာပါ။

ဂျော်ဒန်နိုင်ငံမှာ အာရပ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ခဲ့ပေမဲ့ ဂါဇာဆေးရုံတိုက်ခိုက်ခံရလို့ ပျက်သွားခဲ့ပါတယ်။

ဆေးရုံပေါက်ကွဲမှုအတွက်ကိုတော့ ဂျိုးဘိုင်ဒင်က ဝမ်းနည်းကာ ဒေါသထွက်ရကြောင်းနဲ့ တိုက်ခိုက်မှုကို တခြားအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်နိုင်ကြောင်း အစ္စရေးဝန်ကြီးချုပ်ကို ပြောကြားခဲ့ပါတယ်။

Ref: DW

………………………………..

အီရန်ရဲလက်တွင် သေဆုံးသွားသော အမျိုးသမီး လူ့အခွင့်အရေးဆုရရှိ

၂၀၂၃ ခုနှစ်အတွက် ဥရောပသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ Sakharov ဆုကို အီရန်ဘာသာရေးရဲလက်ထဲ သေဆုံးသွားတဲ့ Mahsa Amini အမျိုးသမီးကို ချီးမြှင့်လိုက်ပါတယ်။

ဒီဆုကို Mahsa Amini နဲ့အတူ အီရန်နိုင်ငံရဲ့ လှုပ်ရှားမှုတစ်ခုဖြစ်တဲ့ “အမျိုးသမီး၊ ဘဝ၊ လွတ်လပ်မှု” က ပူးတွဲရရှိခဲ့တာပါ။

တန်းတူအခွင့်အရေး၊ ဂုဏ်သိက္ခာနဲ့ လွတ်လပ်မှုတို့အတွက် ရဲဝံ့စွာ တိုက်ပွဲဝင်နေကြတဲ့ အီရန်နိုင်ငံသားတွေနဲ့အတူ ဥရောပသမဂ္ဂက ရပ်တည်ပါတယ်လို့ အီးယူလွှတ်တော်ဥက္ကဌက ကြေညာခဲ့ပါတယ်။

အီရန်နိုင်ငံအနောက်ပိုင်း Kurdistan ဇာတိက အသက် ၂၂ အရွယ် Mahsa Amini ဟာ ခေါင်းစည်းပုဝါ မခြုံတဲ့အတွက် အီရန် ဘာသာရေးအစောင့်တပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။

ထိန်းသိမ်းခြင်းခံထားရစဉ် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲ အချုပ်ထဲ နှိပ်စက်ခံခဲ့ရလို့ သေဆုံးခဲ့ရတာလို့ မိသားစုဝင်က ပြောဆိုထားပါတယ်။

Ref: European Parliament

………………………………..

ဗင်နီဇွဲလားဒုက္ခသည် ၁၃၀ ကျော်ကို အမေရိကန် နေရပ်ပြန်ပို့

အမေရိကန်ပြည်ထောင်စုထဲ ရွှေ့ပြောင်းဝင်ရောက်လာတဲ့ ဗင်နီဇွဲလား ဒုက္ခသည် ၁၃၀ ကျော်ကို အောက်တိုဘာလ ၁၈ ရက်နေ့က လေကြောင်းကတဆင့် နေရပ်ပြန်ပို့ခဲ့ပါတယ်။

ဗင်နီဇွဲလားကနေ အမေရိကန်ထဲဝင်လာတဲ့ ရွှေ့ပြောင်းအခြေချသူတွေကို မူလနိုင်ငံ ပြန်ပို့တဲ့ လုပ်ငန်းစဉ်ကို အမေရိကန်အစိုးရက ၂၀၁၉ ခုနှစ်မှာကတည်းက ရပ်ထားခဲ့တာပါ။

ဒါပေမဲ့လည်း ဗင်နီဇွဲလားနိုင်ငံသားတွေကို လက်ထိပ်တွေခပ်ပြီး Texas ပြည်နယ် Harlingen လေဆိပ်ကနေ ဗင်နီဇွဲလားနိုင်ငံ Caracas ကို ပြန်ပို့လိုက်ပါတယ်။

တရားမဝင် ဝင်လာသူတွေကို ဗင်နီဇွဲလားနိုင်ငံဆီ ပြန်ပို့မယ့်အကြောင်း သမ္မတဘိုင်ဒင်အစိုးရက အောက်တိုဘာအစောပိုင်းမှာ ကြေညာခဲ့တာပါ။

ပြန်ပို့ခံရသူ အားလုံးဟာ ICE ERO ထိန်းသိမ်းရေး စခန်းထဲက လူတွေဖြစ်ပြီး အမေရိကန်ရဲ့ လူဝင်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအတိုင်း ကျော်ဖြတ်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

Ref: AP

………………………………..

နျူးကလီးယားစမ်းသပ်မှု ပိတ်ပင်ထားသည့်ဥပဒေကို ရုရှားရုပ်သိမ်း

နျူကလီယာစမ်းသပ်မှု ပိတ်ပင်တားမြစ်ဖို့ သဘောတူညီချက် ထားရှိသည်ကို ရုရှားအောက်လွှတ်တော်က အောက်တိုဘာ ၁၈ ရက်နေ့က ရုပ်သိမ်းလိုက်ပါတယ်။

ဥပဒေကြမ်းကို အောက်လွှတ်တော်က ကန့်ကွက်သူမရှိ ၄၁၂ မဲနဲ့ အတည်ပြုပေးလိုက်တာပါ။

နောက် အထက်လွှတ်တော် ပြီးတော့ သမ္မတပူတင်ဆီ နောက်ဆုံးလက်မှတ်ထိုးဖို့ ပို့ပေးရဦးမှာ ဖြစ်ပါတယ်။

ရုရှားလွှတ်တော်က နျူးကလီးယား စမ်းသပ်မှု ပိတ်ပင်ထားဖို့ သဘောတူညီချက်ကို ၂၀၀၀ ခုနှစ်တုန်းက အတည်ပြုပေးထားတာပါ။

အမေရိကန်က နျူးကလီယား စမ်းသပ်မှုစလုပ်လာခဲ့ရင် ရုရှားက အရာရာအဆင်သင့်ဖြစ်နေရမယ်လို့ ပြီးခဲ့တဲ့လတုန်းက ရုရှားသမ္မတပူတင်က ပြောကြားထားခဲ့တာပါ။

Ref: the Moscow Times

………………………………..

ဘယ်လ်ဂျီယံအကြမ်းဖက်ပစ်ခတ်မှုကြောင့် ၂ ဦးသေဆုံး

ဘယ်လ်ဂျီယံနဲ့ ဆွီဒင်နှစ်နိုင်ငံကစားနေတဲ့ ယူရို ၂၀၂၄ ဘောလုံးပြိုင်ပွဲခြေစစ်ပွဲမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့လို့ ပွဲကြည့်ပရိတ်သတ်ထဲက ဆွီဒင်နိုင်ငံသား ၂ ဦးသေဆုံးခဲ့ပါတယ်။

ပွဲကို ဘယ်လ်ဂျီယံနိုင်ငံ ဘရုဆဲလ်မြို့မှာ အောက်တိုဘာ ၁၆ ရက်နေ့က ကျင်းပခဲ့တာပါ။

ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ ပွဲတဝက်နဲ့ ရပ်နားလိုက်ရပြီး ပစ်ခတ်ခံရလို့ နောက်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

သံသယရှိသူဟာ အသက် ၄၅ နှစ်အရွယ် တူနီးရှားနိုင်ငံသား တစ်ဦးဖြစ်ပြီး ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် နာရီပိုင်းအကြာမှာ သူ့ကို ပစ်သတ်လိုက်တဲ့အကြောင်း ဘယ်လ်ဂျီယံပြည်ထဲရေးဝန်ကြီးက ကြေညာခဲ့ပါတယ်။

ပွဲမှာ ပရိတ်သတ် သုံးသောင်းခွဲလောက် ဘောလုံးပွဲကြည့်နေတဲ့နေရာမှာ ရှိနေခဲ့ပါတယ်။

Ref: AP

………………………………..

ဂါဇာဒေသကို မြေပြင်ထိုးစစ်ဆင်ဖို့ အဆင်သင့်ဖြစ်နေကြောင်း အစ္စရေးပြော

ဂါဇာကမ်းမြောင်ဒေသကို မြေပြင်တပ်တွေ ဝင်ရောက်စီးနင်းဖို့ အစ္စရေးစစ်သည် သောင်းချီ အဆင်သင့်ပြင်ထားပြီလို့ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က ပြောကြားလိုက်ပါတယ်။

ဂါဇာနယ်စပ်မှာ တပ်ဖြန့်ချထားတဲ့ အစ္စရေးခြေလျင်စစ်သည်တွေကို စုစည်းအသင့်ပြင်ထားဖို့ ကာကွယ်ရေးဝန်ကြီးက ပြောကြားလိုက်တာပါ။

ဒါပေမယ့်လည်း ဂါဇာကို မြေပြင်ထိုးစစ် ဘယ်တော့လုပ်မယ်ဆိုတာကိုတော့ မပြောကြားခဲ့ပါဘူး။

နယ်စပ်တလျှောက်လုံးမှာတော့ အစ္စရေးက စစ်သည်သုံးသိန်းကျော် တပ်ဖြန့် စုစည်းထားတာပါ။

တချိန်တည်းမှာ ဂါဇာဒေသတွေကို အစ္စရေးတိုက်လေယာဉ်တွေက လေကြောင်းကနေ တိုက်ခိုက်နေခဲ့ပါတယ်။

Ref: Daily Mail

………………………………..

၁၉ နှစ်အရွယ် ကိုရီးယားစန္ဒယားပညာရှင်ကို ဗြိတိန်တေးသံသွင်း စာချုပ်ချုပ်ဆို

အသက် ၁၉ နှစ်အရွယ် ကိုရီးယား စန္ဒယားပညာရှင်ကို ဗြိတိန်နိုင်ငံရဲ့ နာမည်ကျော် Decca Records တေးသံသွင်းက စာချုပ်ချုပ်ဆိုလိုက်ပါတယ်။

ယွန်ချန်းလင်းအမည်ရှိတဲ့ လူငယ်ပညာရှင်ဟာ မနှစ်တုန်းက အမေရိကန်နိုင်ငံ တက္ကဆက်မြို့မှာ ကျင်းပတဲ့ ဗန်ကလီဗန်း စန္ဒယားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဆုရရှိသူဖြစ်ပါတယ်။

ယွန်ချန်းလင်းကို စာချုပ်ချုပ်ဆိုဖို့ တိုကျို၊ ပဲရစ်၊ အမ်စတာဒမ်၊ ရောမ၊ လန်ဒန်၊ နယူးယော့ခ်နဲ့ ဆိုးလ်မြို့မှာရှိတဲ့ တေးသံသွင်းကုမ္ပဏီ အများအပြားက အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြပါသေးတယ်။

နောက်ဆုံးမှာတော့ ၉၄ နှစ်သက်တမ်းရှိတဲ့ Decca Records တေးသံသွင်းက သူ့ကို စာချုပ် ချုပ်ဆိုနိုင်ခဲ့တာပါ။

ယွန်ချန်းလင်းရဲ့ ပထမဆုံးအခွေကို ၂၀၂၄ ခုနှစ်မှာ ထုတ်လုပ်ဖြန့်ချီဖို့ ရည်မှန်းထားပါတယ်။

Ref: BBC

………………………………..

စပိန်တွင် တိရိစ္ဆာန်ကူးဂိုဏ်းမှ အကောင် ၄၀၀ ကျော် ကယ်တင်နိုင်

စပိန်နိုင်ငံမှာ တိရိစ္ဆာန်ကုန်ကူးဂိုဏ်းတစ်ခုကိုရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာကနေ ခွေးနဲ့ကြောင်လေးတွေအပါအဝင် တိရိစ္ဆာန်အကောင်ရေ ၄၀၀ နီးပါးကို ကယ်တင်နိုင်ခဲ့ပါတယ်။

ဒီဂိုဏ်းက ဥရောပအရှေ့ပိုင်းကနေ စပိန်နိုင်ငံထဲကို တိရိစ္ဆာန်တွေ ခိုးသွင်းနေတာဖြစ်ပြီး အမြတ်တင် ပြန်လည်ရောင်းချနေတာပါ။

ကျန်းမာရေးမစစ်ထားတဲ့ တိရိစ္ဆာန်တွေကို ကျန်းမာကြောင်း ထောက်ခံချက်စာရွက်တွေ အတုလုပ်ပြီး ရောင်းနေတာလို့လည်း စွပ်စွဲခဲ့ပါတယ်။

ဒါကြောင့် တိရိစ္ဆာန်ညှင်းပန်းမှု၊ လိမ်လည်မှု၊ ငွေကြေးခဝါချမှုနဲ့ လူ ၁၃ ဦးကို စပိန်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

အခုတော့ တိရိစ္ဆာန်ငယ်တွေကို တိမွေးကုဆရာဝန်တွေက စောင့်ရှောက်မှုပေးထားပါတယ်။

Ref: BBC

………………………………..

အီကွေဒေါသမ္မတရွေးကောက်ပွဲ လူငယ်စီးပွားရေးလုပ်ငန်းရှင် အနိုင်ရ

အီကွေဒေါနိုင်ငံမှာ အောက်တိုဘာ ၁၅ ရက်က ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ လူငယ်စီးပွားရေးလုပ်ငန်းရှင် ဒန်နီရယ် နိုဘိုအာက အနိုင်ရရှိခဲ့တယ်။ 

အီကွေဒေါမှာ ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှု မြင့်တက်နေတဲ့အပြင် စီးပွားရေးအရ အားနည်းမှုတွေ ရှိနေခဲ့တာပါ။

ဒါကြောင့် အသက် ၃၅ နှစ်အရွယ် နိုဘိုအာအနေနဲ့ ပြန်လည်တည်ဆောက်မယ်ဆိုပြီး ကြွေးကြော်ထားပါတယ်။ 

နိုင်ငံရေးလောကရဲ့ ပြင်ပလူဖြစ်သလို လူငယ်ဆန်တဲ့ အမြင်လည်းရှိတဲ့ ဒီနိုင်ငံရေးသမားရဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်ကြောင့် နိုဘိုအာအပေါ် ထောက်ခံသူတွေက တနိုင်လုံးအတိုင်းအတာနဲ့ အောင်ပွဲခံခဲ့ကြပါတယ်။

လက်ဝဲ ဝါဒီ ပြိုင်ဘက်ဖြစ်သူ လူဝီဆာဂွန်ဇာလက်ဇ်က ၄၈ ရာခိုင်နှုန်းနီးပါး ဆန္ဒမဲရရှိချိန်မှာ နိုဘိုအာ အနေနဲ့ ၅၂ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခဲ့တာကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။

Ref: DW

………………………………..