သေဆုံးသွားသော မြန်မာလုပ်သားအတွက် နစ်နာကြေး ဘတ် ၁ သန်းကျော်ရရှိ

0
793

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်နေရင်း လုပ်ငန်းခွင်မတော်တဆ ထိခိုက်မှုကြောင့် သေဆုံးသွားသော မြန်မာအလုပ်သမားအတွက် နစ်နာကြေးငွေ ဘတ် ၁ သန်းကျော်ရရှိခဲ့ကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးက အောက်တိုဘာ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

သေဆုံးသူသည် ကိုဇော်လင်းထက်အမည်ရှိသူဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ဇာတိဖြစ်ကြောင်း သိရသည်။

၎င်းသည် ချွန်ဘူရီခရိုင်ရှိ Evergrowing Resources Recycling (Thailand) Co., Ltd တွင် အလုပ်လုပ်ကိုင်နေစဉ် လုပ်ငန်းခွင်အတွင်း ဖော့်လစ်ကားတိမ်းမှောက်ခဲ့သဖြင့် ၂၀၂၂ ခုနှစ် မေလ ၁၂ ရက်နေ့တွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ကျန်ရစ်သူမိသားစုဝင်များ နစ်နာကြေး အကျိုးခံစားခွင့်များ ရရှိနိုင်ရန်အတွက် မြန်မာအလုပ်သမားသံအရာရှိရုံးက ကူညီဆောင်ရွက်ပေးခဲ့ပြီး မိခင်ဖြစ်သူ ဒေါ်ခင်ပြုံးအတွက် နစ်နာကြေးငွေ ဘတ် ၁၀၁၇၂၄၄ ကို ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

မိခင်ဖြစ်သူအတွက် ချာချင်ဆောင် လူမှုဖူလုံရေးရုံးက နစ်နာကြေးငွေ ဘတ် ၁ သန်းကျော်ကို အောက်တိုဘာ ၄ ရက်နေ့တွင် တစ်ကြိမ်၊ အောက်တိုဘာ ၁၂ ရက်နေ့တွင် တစ်ကြိမ် ချက်လက်မှတ်ဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း‌ ဖော်ပြထားသည်။

နစ်နာကြေးငွေများကို ကိုဇော်လင်းထက်၏ မိခင်ဖြစ်သူထံသို့ မြန်မာအလုပ်သမားသံအရာရှိရုံးက အောက်တိုဘာ ၁၉ ရက်နေ့တွင် ထုတ်ယူပေးအပ်ခဲ့ဟုဆိုသည်။

ထိုင်းရောက်မြန်မာအလုပ်သမားများအနေဖြင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရေးဆိုင်ရာ စည်းကမ်းချက်များကို သိရှိလိုက်နာဆောင်ရွက်ကြရန် အလုပ်သမားသံအရာရှိရုံးက တိုက်တွန်းထားသည်။