ထားဝယ်အထူးစီးပွားရေးဇုန်ကို စစ်ကောင်စီစစ်ကြောင်း ထပ်ရောက်လာ၍ ဒေသခံများစစ်ဘေးရှောင်

0
847

ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန်ကို စစ်ကောင်စီစစ်ကြောင်း ယနေ့(အောက်တိုဘာ ၁၉) မနက်ပိုင်းက ထပ်မံရောက်ရှိလာသဖြင့် ဒေသခံများ စစ်ဘေးရှောင် ထွက်ပြေးနေကြရသည်။

စစ်ကောင်စီစစ်ကြောင်းမှာ ရေဖြူမြို့၏အနောက်ဖက် ကင်းတံတားနှင့် လောင်းလုံးမြို့ ပန်းတင်အင်းရွာများဘက် ဝင်ရောက်နေကြောင်း ဒေသခံတစ်ဦးကပြောသည်။

“မနက်ကလက်နက်ကြီး နှစ်ချက်လောက်ကြားရတယ်။ ကင်းတံဝာားဘက်၊ လောင်းလုံးကလာတဲ့ စစ်ကြောင်းကလည်း မူးဒူးဘက်ရောက်နေတယ်လို့သိရတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကြောင်းဝင်လာသည့်သတင်းကြောင့် ဧကနိ၊ဝက်ချောင်း၊ခမောင်းချောင်း၊ ရငဲ၊ဝါးဇွမ်းတော၊ရလိုင်၊ ပု‌ ဂေါဇွန်း စသည့် ကျေးရွာများမှ ဒေသခံများ စစ်ဘေးရှောင်နေကြရသည်။

“ရွာပြန်လာတာ လေးရက်ပဲရှိသေးတယ်။ အခု ပြန် ပြေးနေရပြန်ပြီ”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ရေဖြူမြို့နယ်၊ ခမောင်းချောင်းရွာသူတစ်ဦး အောက်တိုဘာ ၁၄ ရက်နေ့က ဝက်ချောင်းရွာတံတားအနီး ပစ်သတ်ခံရပြီးနောက် ငါးရက်အကြာ ယနေ့မနက်ပိုင်းမှစပြီး စစ်ကောင်စီ စစ်ကြောင်း ၂ ကြောင်း ရောက်ရှိလာခြင်းဖြစ်သည်။

ယင်းအမျိုးသားမီးမှာ စက်တင်ဘာ ၂၂ ရက်နေ့က စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသူများထဲက နောက်ဆုံးမှ ပြန်လွှတ်ပေးခံရသည့် အမျိုးသမီးတစ်ဦးလည်းဖြစ်သည်။

ယင်းအမျိုးသမီးကို PDF ကသတ်သည်ဆိုသည့် သတင်းများထွက်နေသလို အချို့ကလည်း စစ်ကောင်စီတပ်က သတ်သည်ဟုဆိုကြသည်။

ယင်းအမျိုးသမီး အသတ်ခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

စစ်ကောင်စီတပ်သည် ရေဖြူအနောက်ဖက်ကမ်း ကျေးရွာများကို စက်တင်ဘာလ နောက်ဆုံးပတ်မှ ယနေ့ အောက်တိုဘာ ၁၉ ရက်အတွင်း စစ်ကြောင်းထိုးနေသည်မှာ သုံးကြိမ် ရှိပြီဖြစ်သည်။

စက်တင်ဘာလ ၂၁ ရက်ကနေ အောက်တိုဘာ ၃ ရက်နေ့ထိတစ်ကြိမ်၊ အောက်တိုဘာ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ တစ်ကြိမ်နှင့် ယနေ့ အောက်တိုဘာ ၁၉ ရက်နေ့တွင် ရေဖြူအနောက်ဖက်ကမ်းသို့ စစ်ကောင်စီစစ်ကြောင်း စတင်ဝင်ရောင်နေခြင်းလည်း ဖြစ်သည်။

စက်တင်ဘာ ၂၁ ရက်မှ အောက်တိုဘာ ၁၂ ရက်အတွင်း ရေဖြူ မြို့အနောက်ဖက်ကမ်း သို့စစ် ကောင်စီစစ်ကြောင်းဝင်ရောက်ပြီး နောက်ဒေသခံ သုံးဆယ်နီးပါး အဖမ်းခံခဲ့ရသည်။

ဖမ်းဆီးခံရသူများအနက်မှ အယောက် ၂၀ ကျော် ပြန်လွတ်လာကာ ၊အရပ်သား နှစ်ဦးသေဆုံး၍ တစ်ဦးဒဏ်ရာ ရရှိပြီး PDF တပ်ဖွဲ့ဝင် နှစ်ဦးထက်မနည်းကျဆုံးကာ အရပ်သား နှစ်ဦးကို စစ်ကောင်စီတပ်ကာ ဆက်လက်ဖမ်းဆီးထားသည်။

ယင်းအပြင် အရပ်သား နေအိမ် ခုနှစ်ဆောင်ခန့်နှင့် PDF စခန်းလေးခုထက်မနည်း မီးရှို့ခံ လိုက်ရသည်။

ဒေသအခြေအနေတည်ငြိမ်မှု မရှိသည့်အတွက်ကြောင့် ဝက်ချောင်း၊ခမောင်းချောင်း၊ ဧကနိ၊ရငဲ၊ဝဇွမ်းတော စသည့် ကျေးရွာများမှဒေသခံများမှာ အိုးအိမ် စွန့်ခွာထွက်ပြေးနေရပြီး စစ်ဘေးရှောင် ထောင်နှင်ချီ ရှိပြီဖြစ်သည်။