မြန်မာလုပ်သားတစ်ဦး ထိုင်းထီ ဘတ် ၆ သန်းပေါက်

0
1103

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသရှိ စက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားတစ်ဦးသည် အောက်တိုဘာလ ၁၆ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းထီအမြင့်ဆုံးဆု ဘတ် ၆ သန်းပေါက်ကြောင်း ရွှေ့ပြောင်း အလုပ်သမားကူညီရေး မဟာမိတ်အဖွဲ့ (MHAC) ထံမှ သိရသည်။

ထီပေါက်သူသည် အသက် ၂၆ နှစ်အရွယ် လူပျိုလူလွတ် လူငယ်အမျိုးသားတစ်ဦးဖြစ်ပြီး မဟာချိုင်ရှိ အချိုရည်စက်ရုံ တွင် လုပ်ကိုင်နေသူဖြစ်ကာ ထိုင်းတွင်လုပ်ကိုင်နေသည်မှာ ၄ နှစ်ကျော်ရှိပြီဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၁၆ ရက်နေ့က ထွက်ခဲ့သည် ထိုင်းထီတွင် အမြင့်ဆုံးဆုဖြစ်သော ပထမဆု 931446 ကို ပေါက်သဖြင့် ဘတ် ၆ သန်းဆုကို ကံထူးခဲ့ခြင်းဖြစ်သည်။

“အလုပ်သွားရင်းနဲ့ လမ်းမှာ ထီရောင်းတဲ့ ထိုင်းအဘိုးကြီးတစ်ယောက်ဆီက ထိုးလိုက်တာပဲလို့ ပြောတယ်။ ကြုံလို့ ကံစမ်းလိုက်တဲ့ သဘောနဲ့ ပေါက်သွားတာပေါ့နော်။ သူထိုးလာတဲ့ တစ်စောင်နဲ့” ဟု MHAC အဖွဲ့ဦးဆောင်သူ ကိုရဲမင်းက ပြောသည်။

ဆုငွေ ဘတ် ၆ သန်းကို ထုတ်ယူပေးရန်အတွက် MHAC အဖွဲ့ကို လာရောက်ကူညီတောင်းခံခဲ့ပြီး ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ထီဆုငွေများကို အောင်မြင်စွာ ထုတ်ယူပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကံထူးသူသည် ပဲခူးတိုင်းဇာတိဖြစ်ပြီး မိဘကို လုပ်ကျွေးနေသော လူငယ်ဖြစ်ကြောင်း MHAC ထံမှ သိရသည်။

ပြီးခဲ့သော အောက်တိုဘာလ ၁ ရက်နေ့ကလည်း ထိုင်း-လာအိုနယ်စပ် ခေါင်ကဲလ်ဒေသရှိ မြန်မာအလုပ်သမား ဇနီးမောင်နှံ ထိုင်းထီ ပထမဆု ပေါက်ခဲ့သေးသည်။

မြန်မာအလုပ်သမားများ ထိုင်းထီကံစမ်းရာမှ ပေါက်သူများလာသဖြင့် ကံကိုအားကိုးပြီး ထီကို အလွန်အကျွံ မထိုးမိစေရန်နှင့် ကံစမ်းသည့်အနေဖြင့် ထိုးသင့်သလောက်သာ ထိုးကြရန် ကိုရဲမင်းက တိုက်တွန်းသည်။