မြိတ်တွင်ဘုရားဖူးများထံမှ စစ်ကောင်စီတပ် ငွေတောင်း

0
899
ပုံစာ- ပေါ်တော်မူဘုရားရင်ပြင်။

မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု တောရကျောင်းအနီးရှိ ပေါ်တော်မူဘုရားသို့ ဘုရားဖူးလာသူများထံမှ စစ်ကောင်စီတပ်က ငွေကြေး တောင်းယူနေကြောင်း မြို့ခံအချို့၏ ပြောဆိုချက်အရ သိရသည်။

ပေါ်တော်မူဘုရားရင်ပြင်ပေါ်ရှိ အရပ်ဝတ်ဖြင့် လက်နက်ကိုင်ဆောင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဘုရားဖူးလာသူများထံမှ ငွေများတောင်းယူနေခြင်းဖြစ်ကြောင်း ပေါ်တော်မူဘုရားအနီးနေသူအချို့က ပြောသည်။

အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက ဘုရားဖူးရန် ဆိုင်ကယ်ဖြင့်လာစဉ် ဟန့်တားစစ်ဆေးကာ ငွေငါးသောင်းကျပ်တောင်းကြောင်း ကိုယ်တိုင်ကြုံရသူနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“မော်တော်ပီကယ်လည်း မဟုတ်ဘူး။ အရပ်ဝတ်နဲ့ လက်နက်ကိုင်ထားတယ်။ ဆိုင်ကယ်လိုင်စင်စာအုပ်တွေ အစုံပါတာတောင် လက်မခံဘူး။ ဘုရားပေါ်တက်လာလို့ ငွေပဲပေးပါလို့ တောင်းကြတာ” ဟု ၎င်းက ပြောသည်။

ငွေနှစ်သောင်းကျပ်သာပါရှိသဖြင့် ယင်းငွေကို ပေးခဲ့ရသည်ဟု သိရကြောင်း အထက်ပါနီးစပ်သူက ပြောဆိုသည်။

ထို့အပြင် ဘုရားရင်ပြင်ပေါ်တွင် အမှတ်တရ ဓာတ်ပုံရိုက်ကြသူများထံမှလည်း ဓာတ်ပုံမရိုက်ရသည့်နေရာတွင် ဓာတ်ပုံရိုက်သည်ဟုဆိုကာ ဒဏ်ကြေးအဖြစ် တစ်ဦးလျှင် ငွေတစ်သိန်းအထိ တောင်းခံမှုများရှိခဲ့ကြောင်း ပေါ်တော်မူဘုရားအနီး တောင်ပြိုကျေးရွာနေသူအချို့က ဆိုသည်။

“ဘုရားလာဖူးတဲ့သူတွေကနေ ငွေတောင်းနေတာ မကြာမကြာဆိုသလို ကြားရတယ်ဗျ။ ဓာတ်ပုံရိုက်လို့ တောင်းတာရှိတယ်။ ဆိုင်ကယ်ဆိုရင်လည်း ပိတ်တားပြီး တောင်းတာလည်း ကြားရတယ်” ဟု တောင်ပြိုရွာသားတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ဘုရားဖူးသူများထံမှ ငွေတောင်းခံနေကြောင်း ကြားနေရသည်မှာ နှစ်လကျော် သုံးလခန့်ရှိနေပြီဟု ၎င်းက ပြောပြသည်။

ပေါ်တော်မူဘုရားမုခ်ပေါက်အရှေ့ရှိ တောင်ပြိုရွာအဝင်ဝလမ်းထိပ်တွင် ပြီးခဲ့သည့်တစ်လခန့်က ည ၈နာရီတွင် မြို့တွင်းမှ ရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာသူတစ်ဦးထံမှ ငွေကျပ်တစ်သိန်း တောင်းယူခံရဖူးကြောင်းလည်း တောင်ပြိုရွာသားအချို့က ပြောဆိုသည်။

ယင်းကဲ့သို့ ဘုရားလာဖူးသူတို့နှင့် ဘုရားမုခ်ပေါက်အရှေ့ရှိ တောင်ပြိုရွာအဝင်လမ်းထိပ်တို့တွင် ငွေတောင်းခံရသူ ဆယ်ဦးကျော်ခန့်ရှိနိုင်ကြောင်း ဒေသခံအချို့ထံမှ သိရှိရသည်။

ပေါ်တော်မူဘုရားသည် ဂေါက်ကွင်းနှင့် တဆက်တစ်စပ်တည်း တည်ရှိပြီး ဘုရားပေါ်တွင် စစ်ကောင်စီတပ်က လုံခြုံရေးချထားကြောင်း ဘုရားအနီးနေထိုင်သူအချို့က ဆိုသည်။

အလားတူ မြိတ်မြို့ရှိ မြင်ကွင်းကောင်းပြီးတောင်ပေါ်ပိုင်းကျသည့် ဘုရားရင်ပြင်၊ ဘုန်းတော်ကြီးကျောင်းအချို့တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးချထားလေ့ရှိကြကြောင်း မြို့ခံအချို့က ပြောပြသည်။

ပေါ်တော်မူဘုရားသည် မြိတ်မြို့၏ အထင်ကရ ဘုရားတစ်ဆူဖြစ်ပြီး လည်ပတ်မှု များလေ့ရှိကြသည်။