မြိတ်တွင် အမိုးတပ်ဘေးတွဲဆိုင်ကယ်များ ဖမ်းဆီးခံရ

0
821
ပုံစာ - အမိုးတပ် ဘေးတွဲဆိုင်ကယ်တစ်စီး (ပုံဟောင်း) ။

မြိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း အမိုးတပ်ဆင်ထားသည့် ဘေးတွဲဆိုင်ကယ်တို့အား နေ့တိုင်းဖမ်းဆီးနေကြောင်း ဘေးတွဲဆိုင်ကယ်မောင်းသူတို့ထံမှ သိရသည်။

အမိုးတပ်ဘေးတွဲဆိုင်ကယ်တို့အား ယာဉ်ထိန်းရဲတို့က လွန်ခဲ့သည့်သုံးရက်ခန့်မှ စတင်ဖမ်းဆီးခြင်းဖြစ်ပြီး ဖမ်းမိပါက သိမ်းဆည်းကာ သတ်မှတ်ရက်တွင် ဒဏ်ကြေးငွေဖြင့် ပြန်ထုတ်စေကြောင်း အဖမ်းခံရသူအချို့က ပြောသည်။

“ဖမ်းပြီးသိမ်းသွားတာ။ ထုတ်ပေးမယ့်ရက်မှ ပြန်သွားထုတ်ရမယ်” ဟု ဖမ်းဆီးခံရသည့် ဘေးတွဲဆိုင်ကယ် ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

ဖမ်းဆီးခံရပြီး ခုနစ်ရက်အကြာတွင် ဒဏ်ငွေပေးကာ သွားထုတ်ရမည်ဖြစ်ပြီး ဒဏ်ကြေးငွေမည်မျှ ပေးရမည်ကို မသိရသေးကြောင်း ၎င်းက ဆိုသည်။

ဖမ်းဆီးရာတွင် ယာဉ်ထိန်းရဲအပြင် အရပ်ဝတ်ထားသည့်ရဲများ၊ ရာအိမ်မှူးများ ပါဝင်ကြောင်း ဘေးတွဲမောင်းသူ အချို့ထံမှ သိရသည်။

“အမိုးလိုင်စင် မရှိလို့ ဖမ်းတာလို့ပြောတာပဲ။ အမိုးလိုင်စင်က လုပ်လို့မှမရတာ။ ကြံဖန်ပြီး ဖမ်းတာ။ တကယ်ဆိုရင် ဖမ်းမယ်ဆိုလည်းကြိုတင်သတိပေး ကြေညာပြီးမှ ဖမ်းသင့်တယ်” ဟု ဘေးတွဲဆိုင်ကယ် အငှားယာဉ်မောင်းသူ တစ်ဦးက ပြောသည်။

အမိုးတပ်ဘေးတွဲဆိုင်ကယ်တို့အား မြိတ်မြို့ရှိ အသွားလာများသည့် ညောင်ပင်ကြီးအောက်၊ ကန်ဖျားလမ်းဆုံ၊ နာရီစင်အနီး၊ ထားဝယ်ကမ်းမီးပွိုင့်လမ်းဆုံ၊ လေယာဉ်ကွင်းလမ်းဆုံ၊ မြိတ်တောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့ စသည့်နေရာတို့တွင် ဖမ်းဆီးနေကြောင်း ဘေးတွဲဆိုင်ကယ်မောင်းသူအချို့က ဆိုသည်။

“နေ့တိုင်းဖမ်းတာ။ တစ်နေရာမဟုတ် တစ်နေရာဖမ်းတယ်။ ဖမ်းရင်ပေါ်တင် မဖမ်းဘူး။ ပုန်းပြီးတော့ ဖမ်းတယ်” ဟု ကလွင်ရပ်ရှိ ဘေးတွယ်ဆိုင်ကယ် အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

ဖမ်းဆီးပြီး သတိပေးခံရခြင်း၊ ချက်ချင်း ဒဏ်ကြေးငွေ ငါးသောင်းပေးဆောင်ပြီး ပြန်လွှတ်ပေးခြင်းလည်း ရှိကြောင်း ဈေးပြေးသည် (အမိုးတပ် ဘေးတွဲဆိုင်ကယ်တို့ဖြင့် ဈေးရောင်းချသူများ) အချို့က ပြောဆိုသည်။

“တစ်စီးက ဒဏ်ကြေးပေးရတယ်။ ကျန်တစ်စီးက နောက်တစ်ခါဆိုရင် ဖမ်းမယ် အမိုးဖြုတ်လိုက်ပါလို့ သတိပေးပြီး ပြန်လွှတ်လိုက်တယ်” ဟု ကလွင်ကျေးရွာရှိ ဈေးပြေးသည် အမျိုးသမီးတစ်ဦးက ပြောသည်။

မြိတ်တွင် ဘေးတွဲဆိုင်ကယ်ဖြင့် ဈေးရောင်းချကြသည့် ဈေးပြေးသည်များ၊ ရေခဲမုန့်၊ ကြံရည် စသည့် စားသောက်ကုန် ရောင်းချကြသည့် ဘေးတွဲဆိုင်ကယ်တို့တွင် အမိုးများ တပ်ဆင်ထားလေ့ ရှိကြသည်။

“ဘာကြောင့်ဖမ်းသလဲဆိုတာ စာထုတ်ထားတာမရှိဘူး။ ပြန်လည်း မမေးရဲဘူး။ ဖြုတ်ဆိုလည်း ဖြုတ်ရတာပေါ့” ဟု ဘေးတွယ်ဆိုင်ကယ်ဖြင့် ဈေးရောင်းချနေသူ အမျိုးသားတစ်ဦးက ပြောသည်။

မြိတ်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းက စစ်ကောင်စီက အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးပါက ပစ်ခတ်ဖမ်းဆီးမည့်အမိန့် ထုတ်ပြန်ထားသေးသည်။

အဆိုပါ အမိန့်ထုတ်ပြီးနောက် မောင်းသူအပါအဝင် လူဆယ်ဦးအထိ တင်ဆောင်နိုင်သည့် ဘေးတွဲဆိုင်ကယ်တို့ စီးနင်းမှုများပြားလာခဲ့ကြောင်း မြို့ခံအချို့က ဆိုသည်။

ယင်းဘေးတွဲဆိုင်ကယ်တို့တွင် အမိုးတပ်ဆင်ထားသည့် ယာဉ်တို့လည်း ရှိကြသည်။