ရေဖြူတွင် စစ်ကြောင်းထိုးချိန် ဖမ်းဆီးခံရသူ ၂၀ ဝန်းကျင်ပြန်လွတ်၊ တစ်ဦးဖမ်းဆီးခံထားရဆဲ

0
1240

ရေဖြူမြို့နယ်တွင် စစ်ကြောင်းထိုးချိန် ဖမ်းဆီးခေါ်ဆောင်ခံရသည့် ဒေသခံအားလုံးနီးပါး ယနေ့ အောက်တိုဘာလ ၁၂ ရက်တွင် ပြန်လည်လွတ်မြောက်လာပြီး တစ်ဦးမှာ ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း ပြန်လွတ်လာသူ၏ မိသားစုဝင်နှင့် နီးစပ်သူတို့ထံမှ သိရသည်။

လောင်းလုံးမြို့နယ် ထားဝယ်- မောင်းမကန်လမ်းပိုင်း တောရှည်ကျေးရွာအနီးရှိ အမှတ် ၁၀၄ ခြေမြန်တပ်ရင်းက ကားတစ်စီးဖြင့် သယ်ဆောင်လာပြီး အနီးအနားက သောကြာပြင်ရွာတွင် ညနေ ၅ နာရီက လွှတ်ပေးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

“လွတ်လာတဲ့သူတွေကို ကားနဲ့ သွားကြိုလာကြတယ်” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

စုစုပေါင်း လွတ်မြောက်လာသူ ၂၀ ဦးဝန်းကျင်ရှိပြီး ၎င်းတို့မှာ သပြေဇွန်း၊ မင်းဒပ်၊ ပုဂေါဇွန်းရွာသားများဖြစ်ကြောင်း ၎င်းနီးစပ်သူက ပြောဆိုသည်။

ပုဂေါဇွန်းရွာသား အသက် ၄၅ နှစ်ဝန်းကျင်အရွယ် ဦးမြင့်ဝင်းဆိုသူတစ်ဦးကိုမူ ပြန်မလွှတ်သေးဘဲ စစ်ကောင်စီတပ်က ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်က အောက်တိုဘာလ ၉ ရက်တွင် အဆိုပါကျေးရွာများဖက်သို့ စစ်ကြောင်းထိုးခဲ့ပြီး ဒေသခံများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းဒေသခံအားလုံးနီးပါးမှာ ဖမ်းဆီးခံရပြီး လေးရက်အကြာတွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

စစ်‌ကောင်စီတပ်စစ်ကြောင်းထိုးစဉ် ရလိုင်နှင့် ပုဂေါဇွန်းရွာက နေအိမ်နှစ်ဆောင်ကိုလည်း မီးရှို့ခဲ့သေးကြောင်း ဒေသခံအချို့က ပြောဆိုထားသည်။