ပေါင်ဒေသခံ လေးဦး ထပ်မံအမှုဖွင့်ခံရပြီး အမှုဖွင့်ခံရသူ ၁၀ ဦးအထိရှိလာ

0
1243

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းက ဖမ်းဆီးခံထားရသူ လေးဦး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် ထပ်မံအမှုဖွင့်ခံရကြောင်း နီးစပ်သူတို့ထံမှ သိရသည်။

ပေါင်မြို့နယ် ဥတ္တံတားကျေးရွာမှ အသက် ၂၀နှစ်အရွယ် ကိုစောရာဇာမင်း၊ အသက် ၂၂ နှစ်ရှိ ကိုအောင်မင်းထွေး၊ အသက် ၃၃ နှစ်ရှိ ကိုချစ်သူပိုင်၊ ကျွဲခြံကျေးရွာမှ အသက် ၂၂ နှစ်ရှိ မအေးနီးနီအောင်တို့ အောက်တိုဘာလ ၄ ရက်နေ့က အမှုဖွင့်ခံရခြင်းဖြစ်သည်။

၎င်းတို့သည် ဆန္ဒပြမှုတွင် အကြိမ်ကြိမ်ပါဝင်ခဲ့ခြင်း၊ စစ်ကောင်စီ အကြီးအကဲများနှင့် ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဝေဖန်ရေးသားဖြန့်ဝေခဲ့ခြင်း စွပ်စွဲများဖြင့် အမှုဖွင့်ခံရခြင်းဖြစ်သည်ဟု သိရကြောင်း နီးစပ်သူတို့က ပြောသည်။

“အမှုဖွင့်ခံထားရတာ အခုဆို ၁၀ ဦးရှိသွားပြီ။ ၅၀၅ နဲ့ စွဲခံထိထားတာက ၄ ယောက်၊ ကျန်တာ အကြမ်းဖက် ပုဒ်မတွေနဲ့ စွဲထားတယ်။ စစ်ဆေးခံနေရဆဲ လူလည်းရှိတယ်။ ဘယ်လိုလာမလဲတော့မသိဘူး” ဟု ဖမ်းဆီးအမှုဖွင့် ခံထားရသူနှင့် နီးစပ်သည့် မြို့ခံတစ်ဦးက ပြောသည်။

စက်တင်ဘာလဆန်းပိုင်းက ပေါင်မြို့နယ် နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရသည့်ဖြစ်စဉ်နှင့် ရဲစခန်း၊ ထွေအုပ်ရုံး တိုက်ခိုက်ခံရသည့်ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဒေသခံ ၁၅ ဦးထက်မနည်းကို စစ်ကောင်စီတပ်တို့က ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူများအနက် ဥတ္တံတားကျေးရွာနေ ဒေါ်ချိုဝင်း၊ ဒေါ်ခင်သီတာကျော်၊ ကိုဖိုးချို၊ ဒေါ်ခင်သန်းနု၊ ဒေါ်ဇင်မာထွန်းနှင့် ဒေါ်စန္ဒာလင်းတို့ကို စက်တင်ဘာလအတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ – ၅၂ (က)၊ ၅၀ (ည) တို့ဖြင့် စစ်ကောင်စီက အမှုဖွင့်ခဲ့သည်။

ပေါင်မြို့နယ်၊ ရင်းငြိမ်တောင်ကျေးရွာတွင်လည်း စက်တင်ဘာလ ၁၃ ရက်နေ့က ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းတစ်ဦး ပစ်ခတ်ခံရပြီးနောက် ဒေသခံ ရှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ပြီး ယနေ့ထိ စစ်ဆေးခံနေရဆဲဖြစ်သည်။

ပေါင်မြို့နယ်နည်းတူ ကျိုက်ထိုမြို့နယ်အတွင်း၌လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့နှင့် ဆက်သွယ်ခြင်း၊ ကူညီထောက်ပံ့ခြင်း စွပ်စွဲချက်တို့ဖြင့် ဒေသခံများ ဆက်တိုက်ဖမ်းဆီးခံနေရပြီး အချို့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် အမှုဖွင်ခံရကာ သတင်းအစအနပျောက်နေသူများလည်းရှိနေသည်။

သုတေသနအဖွဲ့တစ်ခုဖြစ်သည့် Data for Myanmar ၏ အချက်အလက်များအရ လူမှုကွန်ရက်ပေါ် စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုများနှင့် တော်လှန်ရေး အဖွဲ့အစည်းများကို ထောက်ခံအားပေးရေးသားမှု၊ ပြောဆို ဆက်သွယ်မှုများကြောင့် ၂၀၂၂ ဖေဖော်ဝါရီလမှ ၂၀၂၃ စက်တင်ဘာလကုန်အထိ မွန်ပြည်နယ်တွင် ဖမ်းခံရသူ ၆၁ ဦးရှိကြောင်း သိရသည်။