ဂါဇာနယ်စပ်ကို ထိန်းချုပ်နိုင်ပြီဖြစ်၍ ထိုးစစ်အဆင့်ကို ပြောင်းလဲပြီဟု အစ္စရေးကြေညာ 

0
1020

ဂါဇာနယ်စပ်ကို လုံးဝထိန်းချုပ်နိုင်ပြီဟု အစ္စရေးဘက်က ကြေညာလိုက်ပြီး ထိုးစစ်အဆင့်ကို ကူးပြောင်းလိုက်ပြီဖြစ်ကြောင်း အစ္စရေးဘက်က အောက်တိုဘာ ၁၀ ရက်နေ့တွင် ပြောကြားလိုက်သည်။

ဟားမတ်စ်အဖွဲ့က တိုက်ခိုက်ခဲ့သော အစ္စရေးတောင်ပိုင်းကို ရှင်းလင်းနိုင်ခဲ့ပြီဖြစ်ပြီး နယ်မြေထဲ ဟားမတ်စ်တပ်ဖွဲ့ဝင်များ၏ အလောင်း ၁၅၀၀ ကိုလည်း တွေ့ရှိရကြောင်း အစ္စရေးစစ်တပ်ပြောခွင့်ရသူက ဆိုသည်။

အစ္စရေးဝန်ကြီးချုပ်ကလည်း အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုက အစသာ ရှိနေသေးပြီး လာမည့် ရက်များတွင် တိုက်ခိုက်မှုသည် ဟားမတ်စ်များ၏ မျိုးဆက်နှင့်ချီ ထိခိုက်နိုင်ကြောင်း အောက်တိုဘာလ ၉ ရက်နေ့တွင် ပြောကြားထားသည်။

ယခုကဲ့သို့ပြောကြားပြီးနောက် အောက်တိုဘာ ၁၀ ရက်နေ့တွင် အစ္စရေးလေယာဉ်များက ဂါဇာကမ်းမြောင်ဒေသ၏ နေရာ ၂၅၀ ကျော်ကို ၂၄ နာရီအတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဆိုသည်။

ဂါဇာကမ်းမြောက်ဒေသတွင် ဟားမတ်စ်၏ စခန်းများ၊ ဆေးရုံနှင့် လူနေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့သည်။

အစ္စရေးစစ်တပ်က ဟားမတ်စ်အဖွဲ့နှင့် တိုက်ခိုက်ရန်အတွက် လူပေါင်း ၃၆၀၀၀၀ ကျော်ကို ဆင့်ခေါ်ခဲ့ပြီး နိုင်ငံလူဦးရေ၏ ၄ ရာခိုင်နှုန်းခန့် မိသားစုနှင့် အလုပ်ကို စွန့်ကာ တိုက်ခိုက်ရန်အတွက် အကြောင်းပြန်ခဲ့ကြကြောင်း ဆိုသည်။

ဟားမတ်အဖွဲ့ကလည်း ဂါဇာသို့ ကြိုတင်အသိမပေးဘဲ ဗုံးကြဲပါက ဓါးစာခံများကို ကွပ်မျက်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်။

တိုက်ပွဲကြောင့် အစ္စရေးဘက်တွင် သေဆုံးသူ ၁၀၀၀ ကျော်ရှိခဲ့ပြီး ဒဏ်ရာရသူ ၃၄၀၀ ကျော်ရှိခဲ့ကာ ဟားမတ်စ်အဖွဲ့၏ ဓါးစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသူ ၁၅၀ ခန့်ရှိကြောင်း ပြောကြားခဲ့သည်။

ဂါဇာဒေသကို လေကြောင်းပြန်လည်တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၈၃၀ ကျော် ရှိလာခဲ့ပြီး ဒဏ်ရာရသူ ၄၂၅၀ ကျော်ရှိလာခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့သည်။

တိုက်ပွဲကြောင့် ဂါဇာတွင် ပါလက်စတိုင်း ၁၂၃၀၀၀ ကျော် နေရပ်တိမ်းရှောင်ခဲ့ရပြီး ၇၃၀၀၀ ကျော်သည် စာသင်ကျောင်းများတွင် ခိုလှုံနေကြရသည်။

အမေရိကန်ပြည်ထောင်စုက အစ္စရေးကို ထောက်ခံမှုကို ပြသသည့်အနေဖြင့် နိုင်ငံခြားရေးဝန်ကြီး အင်တိုနီ ဘလင်ကန် က လာမည့်ရက်အတွင်း အစ္စရေးကို သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ဟားမတ်စ်အဖွဲ့၏ တိုက်ခိုက်မှုကို ရှုတ်ချထားသည်။

Ref: The Washington Post, NBC News, CNN