ပလမြို့ခံများ ဆက်တိုက်ဖမ်းဆီးခံရ

0
926

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့တွင် အရပ်သား ဖမ်းဆီးခံရမှုများဆက်တိုက် ဖြစ်လာနေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့်လက ပလမြို့နေ အသက်ကြီးပိုင်း အမျိုးသား၊ အမျိုးသမီး ဆယ်ဦးခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး နှစ်ဦးသာ ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယခုလအတွင်း NLD အစိုးရလက်ထက် ပလမြို့အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး တာဝန်ယူခဲ့သူတစ်ဦးအပါအဝင် ပလမြို့ခံ အမျိုးသားသုံးဦးဖမ်းဆီးခံရပြီး အောက်တိုဘာ ၉ ရက် ညတွင်လည်း အမျိုးသမီးနှစ်ဦး ထပ်မံဖမ်းဆီး ခံရကြောင်း ဒေသခံများက ဆိုသည်။

“ညက အမျိုးသမီးနှစ်ယောက် ထပ်အဖမ်းခံရတယ်ကြားတယ်။ တစ်ဦးကတော့ ဒေါ်ဌေးငယ် အသက် ၅၄ လောက် ရှိပြီ။ နောက်တစ်ယောက်လည်း အမျိုးသမီးပဲ။ ဘယ်သူမှန်းတိကျ မသိသေးဘူး” ဟု တခြားမြို့တွင် စစ်ရှောင်နေ သည့် ပလဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

ဖမ်းဆီးခံရသူများမှာ အသက် ၅၀ ကျော် ၆၀ အရွယ် သက်ကြီးပိုင်းများဖြစ်ကြပြီး မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးခံရသည်ကိုမူ သေသေချာချာ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

“ဘာကြောင့် အဖမ်းခံရသလဲဆိုတာ ကာကယံရှင်ရော ဆွေမျိုးတွေပါ မပြောကြဘူး။ မပြောရဲကြဘူး။ ကြေးပြား (ပိုက်ဆံ) လိုလို့ ဖမ်းတာမျိုးလည်း မဟုတ်ဘူး။ စာရင်းစာအုပ်နဲ့ကို လာဖမ်းတာလို့ပြောတယ်” ဟု ဒေသခံအမျိုးသားနောက်တစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများအနက် ၆ ဦးကို အောက်တိုဘာလ ၇ ရက်နေ့ နံနက်တွင် ပလမြို့ရဲစခန်းမှ ပုလောမြို့သို့ လှေဖြင့် ခေါ်ဆောင်သွားသည်ကို တွေ့ရကြောင်း မျက်မြင်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

ပုလောမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ရက်မှ ၁၈ရက်အထိ ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဖြစ်ခဲ့သည်။

ယခုလ ၃ ရက်နေ့တွင်လည်း နန်းတောင်၊ မှော်မိကျေးရွာဘက်သို့ အင်အား ၁၅၀ ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးကာ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ပုလောဒေသကာကွယ်ရေးအဖွဲ့ (PRDF) က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာခြင်းကြောင့် ယခုလ ၂ ရက်နေ့မှစပြီး ကျေးရွာဆယ်ရွာခန့်မှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်။

စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းများဖြန့်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်များအား တိုက်ခိုက်ရန်ကြိုးစားနေသလို မြို့ခံများအပေါ် ဖမ်းဆီးမှုများလည်း ခပ်စိပ်စိပ် ပြုလုပ်နေသည်။