ရေဖြူမြို့နယ် ရလိုင်နှင့် ပုဂေါဇွန်းရွာတို့တွင် စစ်ကောင်စီတပ် နေအိမ်မီးရှို့

0
1030
ပုံစာ - ရေဖြူ၊ ရလိုင်ရွာတံတားအနီးရှိ နေအိမ် တစ်ဆောင်ကို စစ်ကောင်စီတပ်က မီးရှို့နေခြင်းဖြစ်သည်။

ရေဖြူအနောက်ဘက်ကမ်းရှိ ရလိုင်နှင့် ပုဂေါဇွန်းရွာတွင် စစ်ကောင်စီတပ်က နေအိမ်မီးရှို့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ အောက်တိုဘာလ ၁၀ ရက် နံနက်ပိုင်းတွင် ရလိုင်ရွာက နေအိမ်တစ်လုံး မီးရှို့ခံရပြီး အောက်တိုဘာလ ၉ ရက် ကလည်း ပုဂေါဇွန်းရွာက နေအိမ်တစ်လုံး မီးရှို့ခံခဲ့ရကြောင်း ဒေသခံများက ဆိုသည်။

“မီးခိုးလုံးတွေ တက်နေတယ်။ ရလိုင်တံတားထိပ်နားကလို့တော့ လောလောဆယ် သိထားရတယ်” ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာလ ၉ ရက်နေ့မှစတင်ကာ ရေဖြူနှင့် လောင်းလုံးမြို့နယ်တို့ကို စစ်ကြောင်း နှစ်ကြောင်းခွဲ၍ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

အောက်တိုဘာလ ၄ ရက်နေ့တွင် စစ်ကောင်စီတပ်စွဲထားသည့် ရေဖြူမြို့ပေါ်ရှိ ရပ်တော်မူဘုရား အနီး စစ်ကောင်စီတပ်စခန်းကို PDF ပူးပေါင်း တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့သည်။

ယင်းပစ်ခတ်မှုဖြစ်ပြီးနောက် ၅ ရက်အကြာ အောက်တိုဘာလ ၉ ရက် နံနက်ပိုင်းကစပြီး စစ်‌ကြောင်းထိုးနေခြင်း ဖြစ်သည် ။

စစ်ကောင်စီတပ်သည် အောက်တိုဘာလ ၉ ရက်တွင် ရေဖြူမြို့၏ အနောက်ဘက်ကမ်း‌တွင်ရှိသော မင်းဒပ်၊ သဗြေဇွန်း၊ ပု‌ဂေါဇွန်း၊ ရလိုင်ကျေးရွာတို့နှင့် လောင်းလုံးမြို့ အနောက်မြောက်ဘက်ရှိ မဲအုံနှောက်၊ စခန်းကြီး၊ စွန်တောင်ပေါ်၊ ဖွားဘုတ်ပြင်၊ ဘူချိုင်းရွာများကို စစ်ကြောင်းထိုးခဲ့သည်။

စစ်ကြောင်းထိုးနေသည့် နှစ်ရက်အတွင် မင်းဒပ်ရွာသား ၇ဦး၊ ပုဂေါဇွန်းရွာသား ၅ ဦးနှင့် မဲအုံနောက် ရွာသား ၃ ဦး စုစုပေါင်း ဒေသခံ ၁၅ဦး ဖမ်းဆီးခံထားရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ပုဂေါဇွန်းရွာက အမျိုးသမီး သုံးဦးကိုမူ ပြန်လွှတ်ပေးခဲ့ကြောင်း ပုဂေါဇွန်းရွာက ဒေသခံတစ်ဦးက ပြောသည်။

“ရွာလယ်ပိုင်းက ‌အမျိုးသမီးနှစ်ယောက်က လက်နက်ကြီးစ စဉ်ထားတယ်။ ဖမ်းခံရတဲ့အမျိုးသမီးတွေကို မနေ့ကတည်းက ပြန်လွတ်ပေးခဲ့တယ်” ဟု ၎င်းက ပြောဆိုသည်။

ယင်းအပြင်စစ်ကောင်စီတပ်သည် ပုဂေါဇွန်းရွာက နေအိမ်အချို့ကို ရှာဖွေစစ်ဆေးခဲ့ပြီး လူမရှိသည့် နေအိမ်များကို ဖွင့်ဖောက်စစ်ဆေးပြီး ရိက္ခာအသုံးအဆောင်များကိုလည်း ယူဆောင်သွားကြောင်း ဒေသခံတို့က ဆိုသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာလ နောက်ဆုံးအပတ်ကစပြီး ထားဝယ်ခရိုင်တစ်ခုလုံးကို အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးနေသည်။