ဘန်ကောက်ပစ်ခတ်မှုတွင် သေဆုံးသည့် မြန်မာအမျိုးသမီးအတွက် ဘတ် ၆သန်းကျော် နစ်နာကြေးပေးမည်

0
956

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ် ပစ်ခတ်မှုကြောင့် သေဆုံးသွားသော မြန်မာအမျိုးသမီး မမိုးမြင့်နှင့် တရုတ် အမျိုးသမီးတို့ကို နစ်နာကြေး ဘတ် ၆ ဒသမ ၂ သန်းစီ ပေးအပ်မည်ဖြစ်ကြောင်း ထိုင်းခရီးသွားနှင့် အားကစား ဝန်ကြီးက ထုတ်ပြန်သည်။

အောက်တိုဘာလ ၃ ရက်နေ့ Siam Paragon ရှောပင်းစင်တာအတွင်း ပစ်ခတ်မှုကြောင့် သေဆုံးသွားသူနှစ်ဦးအတွက် ထိုင်းအစိုးရနှင့် ရှောပင်းစင်တာတို့ ပူးပေါင်း၍ နစ်နာကြေးပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သေဆုံးသူအတွက် Siam Paragon ရှောပင်းစင်တာဘက်က ဘတ် ၅ သန်းနှင့် ထိုင်းအစိုးရဘက်က ဘတ် ၁ ဒသမ ၂ သန်းကို ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ဒဏ်ရာရရှိသူများအတွက် ရှောပင်းစင်တာဘက်က ဘတ် ၃ သိန်းနှင့် ထိုင်းအစိုးရဘက်က ဘတ် ၅၀၀၀၀ စုစုပေါင်း ဘတ် ၃၅၀၀၀၀ ကို ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သေဆုံးသွားသော အသက် ၃၁ နှစ်အရွယ် မမိုးမြင့်၏ နာရေးအခမ်းအနားကို အောက်တိုဘာလ ၈ ရက်နေ့တွင် ဘန်ကောက်အနီး နွန်ထဘူရီခရိုင်ရှိ Wat Phasuk Maneechak ဘုန်းကြီးကျောင်းတွင် ပြုလုပ်ပခဲ့သည်။

ယင်းအတိုင်မီ တစ်ရက် စက်တင်ဘာ ၇ ရက်နေ့တွင် အသက် ၁၄ နှစ်အရွယ် သေနတ်သမား၏ ဖခင်ဖြစ်သူက မမိုးမြင့်၏ မိခင်ထံသို့ လာရောက်ပြီး တောင်းပန်ခဲ့ကာ မိခင်ဖြစ်သူကလည်း ခွင့်လွှတ်ပေးခဲ့ကြောင်း ထိုင်းသတင်းများ တွင် ဖော်ပြထားသည်။

“ကြီး (ရဲ့) သားသမီးက လိမ်မာတဲ့အတွက် နည်းနည်းဖြေသာရတာပေါ့။ (သေနတ်သမား၏ဖခင်) သားတို့ အခါကျတော့ သားသမီးအတွက် ပိုပြီး စိတ်ဆင်းရဲရတာပေါ့။ မလိမ်မာတဲ့အခါကျတော့။ သားသမီးချင်း ကိုယ်ချင်း စာပါတယ်။ ဘယ်သူမှလည်း မဖြစ်ချင်ဘူး” ဟု သေနတ်သမား၏ ဖခင်ဖြစ်သူ လာရောက်တောင်းပန်သည့်အချိန်တွင် မမိုးမြင့်၏ မိခင်က ပြောကြားခဲ့သည်။  

သေနတ်သမား၏ ဖခင်ဖြစ်သူက စာအိတ်တစ်အိတ်ကို ကမ်းပေးသော်လည်း မိခင်ဖြစ်သူက “ဘာနဲ့မှ မလဲနိုင်ဘူး” ဟုဆိုကာ မယူခဲ့သည်ကို ရုပ်သံမှတ်တမ်းတွင် တွေ့ရသည်။

အလုပ်ရှင်ကလည်း မမိုးမြင့် အသက်ရှိစဉ်က မိဘထံသို့ ထောက်ပံ့ခဲ့သော ဘတ် ၁၀၀၀၀ ကို လစဉ်ပေးအပ်သွားမည် ဖြစ်ကြောင်း ကတိပြုထားသည်။

မမိုးမြင့်သည် မွန်ပြည်နယ် သထုံမြို့ဇာတိဖြစ်ပြီး Siam Center ရှိ အရုပ်ဆိုင်တွင် လုပ်ကိုင်နေသူဖြစ်ကာ Bangkok Bank သို့ ငွေသွင်းရန်လာစဉ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

အသက် ၁၄ နှစ်အရွယ် သေနတ်သမားကို အမှု ၅မှု ဖွင့်လှစ်ထားပြီး သေနတ်ရောင်းချခဲ့သော သံသယရှိသူ ၃ ဦး ကိုလည်း ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးထားသည်။

Ref: Thai PBS, Khaosod English