ပေါင်နှင့် သထုံတွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးလျှင် ဖမ်းဆီးမည်ဟု အမိန့်ထုတ်

0
1285
ပုံစာ - သထုံမြို့ (ပုံဟောင်း)

မွန်ပြည်နယ်၊ ပေါင်နှင့် သထုံမြို့နယ်တို့တွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးလျှင် ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒေသန္တရအမိန့် ထုတ်ပြန်ထားသည်။

အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရန်အပြင် အမျိုးသမီးနောက်တွင် အမျိုးသားလိုက်ပါစီးနင်းခြင်း မပြုရန်လည်း ထုတ်ပြန်ထားသည်။

အဆိုပါဒေသန္တရအမိန့်ကို ပေါင်တွင် အောက်တိုဘာလ ၁ ရက်နေ့နှင့် သထုံတွင် အောက်တိုဘာလ ၆ ရက်နေ့က ထုတ်ပြန်ထားခြင်းသည်။

အမိန့်ကို ထုတ်ပြန်သည့်နေ့မှစပြီး ရက်ပေါင်း ၆၀ အတွင်း အတည်ဖြစ်ပြီး လိုက်နာရန်ပျက်ကွက်သည်ကို စစ်ဆေး တွေ့ရှိပါက ဖမ်းဆီးပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၈၈ဖြင့် တရားစွဲအရေးယူခံရမည်ဖြစ်ကြောင်း
ဖော်ပြသည်။

ပေါင်နှင့် သထုံမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ရဲ၊ ဝန်ထမ်း၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ စစ်ကောင်စီနှင့် ပတ်သက်သူများ၊ ရဲစခန်း၊ ဌာနဆိုင်ရာရုံးများ ပစ်ခတ်တိုက်ခိုက်ခံရမှု ဆက်တိုက်ဖြစ်ပွားလာပြီးနောက် ယခုအမိန့် ထွက်လာခြင်းဖြစ်သည်။

ပေါင်နှင့် သထုံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်များတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့က ဆိုင်ကယ်ကို အသုံးပြုပြီး လုပ်ဆောင်နေသည်ကို ထိန်းချုပ်နိုင်ရန်အတွက် စစ်ကောင်စီက ယခုလို ကန့်သတ်ခြင်း ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ ။

“ဒီမှာ ဖြစ်တဲ့ဖြစ်စဉ်တိုင်းက ဆိုင်ကယ်နဲ့ လာပြီး လုပ်တာတွေချည်းပဲ။ အဲဒါကြောင့် ဆိုင်ကယ်စီးတာကို တင်းကျပ် လိုက်တာလို့ မြင်တယ်။ အခုနောက်ပိုင်း ဆိုင်ကယ်နဲ့ သွားတာ လာတာတွေကိုလည်း တော်တော် စစ်ဆေးတာတွေ လုပ်လာတယ်” ဟု သထုံဒေသခံတစ်ဦးက ပြောဆိုသည်။

ယခုကဲ့သို့ တားမြစ်လိုက်ခြင်းကြောင့် ဆိုင်ကယ်ကိုသာ အဓိကအားထား သွားလာနေရသည့် ဒေသခံများအတွက် အခက်အခဲဖြစ်လာနိုင်သလို ဆိုင်ကယ်တက္ကစီမောင်းသူများအတွက်လည်း ပိုပြီးခက်ခဲစေကြောင်း ဒေသခံတို့က ဆိုသည်။

“ဘာအမိန့်မှ မထုတ်ရင်လည်း သွားတာ လာတာ သတိထားနေရတယ်။ အကုန်ကြောက်နေရတယ်။ အပြင်ထွက်ရင် ကျောမလုံဘူး။ အပစ်ပဲခံရမလား၊ အဖမ်းပဲခံရမလား၊ အဲဒီလိုဖြစ်နေတာ။ အဲဒါကြောင့် တော်ရုံဆို အပြင် မထွက်ဖြစ်ဘူး” ဟု ပေါင်မြို့ခံ သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးက ပြောသည်။

ပေါင်နှင့် သထုံမြို့နယ်တို့တွင် ဒေသခံများကို ဖမ်းဆီးမှုလည်း ဆက်တိုက်ပြုလုပ်နေပြီး ဖမ်းဆီးခံရသူများကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF ဆက်သွယ်ထောက်ပံ့သည်ဟု စွပ်စွဲကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့်လည်း အမှုဖွင့်အရေးယူနေသည်။

မွန်ပြည်နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားနေသည့် ရေး၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်တို့တွင်လည်း အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရ အမိန့် ထုတ်ပြန်ထားသည်။