ဖူးခက်တွင် မြန်မာလုပ်သားတစ်ဦးကို စိတ်ကြွဆေးပြား ၁၀၀၀ ကျော်နှင့်အတူဖမ်းမိ

0
957

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်မြောက်ပိုင်း ထာလန်ဒေသတွင် မြန်မာအလုပ်သမားတစ်ဦးကို စိတ်ကြွ မူးယစ်ဆေးပြား ၁၀၀၀ ကျော်နှင့်အတူ အောက်တိုဘာလ ၃ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

မြန်မာအလုပ်သမား ကိုဟံမော်အမည်ရှိသူသည် အလုပ်သမားတန်းလျားတွင် နေထိုင်သူဖြစ်ပြီး သတင်းပေးတိုင်ကြားချက်ရရှိသဖြင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

တိုင်ကြားချက်ရရှိပြီးနောက် အရာရှိတစ်ဦးက ကနဦးကွင်းဆင်းစုံစမ်းခဲ့ရာ မြန်မာအလုပ်သမားသည် ဆေးပြားများကို လှို့ဝှက်ရောင်းချနေသည်ကို တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးစဉ်တွင် WY မူးယစ်ဆေးဝါးများကို ပလစ်စတစ်အိတ်အတွင်း ၂၅ လုံး၊ ၁၀ လုံး၊ ၅ လုံး၊ ၃ လုံး အသီးသီးထုပ်ပိုးထားပြီး အထုပ်ရေ ၅၀ ကျော်ကို တွေ့ရှိခဲ့ရကြောင်း‌ ဖော်ပြထားသည်။

စိတ်ကြွဆေးပြားများကို ကတ်ထူပြားပုံး၊ အနီရောင်သံပုံးနှင့် အခန်းတွင်းရှိ ပစ္စည်းများထဲတွင် သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

၎င်းထံတွင် စိတ်ကြွဆေးပြား အလုံးရေ ၁၁၃၀ လုံးနှင့် ထိုင်းဘတ် ၂၅၀၀ ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

၎င်းသည် နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့် စာရွက်အထောက်အထားများကိုလည်း ပြသနိုင်ခြင်းမရှိခဲ့ကြောင်း ဖော်ပြထားသည်။

၎င်းကို မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ ဖြန့်ဝေမှုနှင့် တရားမဝင် နေထိုင်မှုများဖြင့် ထာလန်ရဲတပ်ဖွဲ့က အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါဖမ်းဆီးခံရသူမှာ ဆေးလုံးတစ်လုံးကို ၄၀ ဘတ်ဖြင့် တန်းလျားရှိ အခြားအလုပ်သမားများကို ရောင်းချနေကြောင်း ထပ်မံသိရှိရသဖြင့် စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Ref: Phuket News