KNU တပ်မဟာ-၄ က ကော်သူးလေတပ်၏ စခန်းငယ်တစ်ခုကို သိမ်းပိုက်

0
1681
ပုံစာ - KNLA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ပုံဟောင်း)

ထိုင်း-မြန်မာနယ်စပ် ထီးခီးနယ်စပ်အနီးက ကော်သူးလေအာမီ-KTLA တပ်စခန်းငယ်တစ်ခုကို KNU တပ်မဟာ-၄ ၏ KNLA တပ်ရင်းက အောက်တိုဘာ ၃ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း နှစ်ဖက်အဖွဲ့၏ အတည်ပြုချက်အရ သိရသည်။

ယင်းစခန်းမှာ ကော်သူးလေအာမီ၏ ယာယီကင်းစခန်းတစ်ခုသာဖြစ်ပြီး ကော်သူးလေအာမီတပ်ဖွဲ့ဝင် အနည်းငယ်သာ နေထိုင်သည့်နေရာလည်းဖြစ်ကြောင်း ကော်သူးလေတပ်မတော်၊ ဆာကဆောတပ်မ၏ ပြန်ကြားရေးတာဝန်ခံ ကိုချမ်းက ပြောသည်။

အဆိုပါစခန်းတွင် ကော်သူးလေတပ်ဖွဲ့ဝင်များ အမြဲတမ်းနေထိုင်ခြင်းမရှိသလို ထားဝယ်ဒေသက တော်လှန်ရေးခရီးသွားရဲဘော်များ ခရီးတစ်ထောက်လာနားသည့် စခန်းလည်းဖြစ်သည်ဟု ကိုချမ်းက ပြောသည်။

“ဘာကြောင့်မပစ်ခတ်တာလဲဆိုတော့ ကျွန်တော်တို့က သူတို့လာနေတာသိတဲ့အတွက် ရှောင်ပြီးနေကြပါတယ်။ ခရီးသွားတဲ့စခန်းပေါ့။ ကျွန်တော်တို့အဖွဲ့ကလူတွေရော ဒေသခံ Local PDF တွေရော‌ရှိတယ်။ လက်နက်တွေ အီကွစ်မန့်(အသုံးအဆောင်)တွေ၊ ရိက္ခာတွေလာစုတဲ့ နေရာဖြစ်တဲ့အတွက် သူတို့တွေမှာလည်း လက်နက်တွေ ပြည့်ပြည့်စုံစုံမရှိဘူး။ မရှိတဲ့အတွက် မလိုလားအပ်တဲ့ ပဋိပက္ခတွေမကြီးထွားအောင်လို့၊ ဧည့်သည်တွေလည်း မထိခိုက်အောင်လို့ ကျွန်တော်တို့က ကြိုရှောင်လိုက်တာပေါ့နော်” ဟုကိုချမ်းကပြောသည်။

KNU တပ်မဟာ-၄ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက စခန်းသိမ်းသည့်နေ့တွင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်သည်ဟု ဆိုသည်။

“ထိခိုက်သေဆုံးမှုတော့မသိဘူး။ တို့ဘက်ကတော့ နှစ်ယောက်ဒဏ်ရာရတယ်” ဟု ပဒိုစောအယ်နားက ဆိုသည်။

ကော်သူးလေအာမီသည် KNU တပ်မဟာ -၄ ၏ အုပ်ချုပ်ရေးကို နှောင့်ယှက်သလို၊ ပြည်သူ့ပစ္စည်းကို မီးရှို့ဖျက်ဆီးခြင်း၊ ခြိမ်းခြောက်ခြင်း၊ KNU ခေါင်းဆောင်များကို လုပ်ကြံခြင်းတို့ကြောင့် စခန်းကိုဝင်တိုက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ထားဝယ်အရှေ့တောဒေသတွင် KNU တပ်မဟာ – ၄ နှင့် ဗိုလ်အယ်ကွီးဦးဆောင်သည့် ကော်သူးလေတပ်တို့ မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်မှုများရှိနေသည်။

တနင်္သာရီတိုင်းတွင် ကရင်လက်နက်ကိုင် အဖွဲ့နှစ်ခုအကြား ဖြစ်ပေါ်နေသည့် တင်းမာမှုများမှာ ပိုမိုပြင်းထန်လာနေပြီး တော်လှန်ရေးကို ထိခိုက်လာမည့်အဖြစ်သို့ မရောက်စေချင်ကြောင်း၊ အချင်းချင်း ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းကြစေလိုကြောင်း တော်လှန်ရေးတွင် ပါဝင်နေသူများက ဆိုကြသည်။

ဒေသခံအများစုကလည်း ကရင်လက်နက်ကိုင် အဖွဲ့နှစ်ခုအကြား ဖြစ်ပေါ်နေသည့် တင်းမာမှုများ ပိုမိုဆိုးလာမည်ကို စိုးရိမ်နေကြသည်။

ဇူလိုင်လ ၁၉ ရက်က ထားဝယ်အရှေ့တောဒေသတွင် KNU တပ်မဟာ-၄ KNLA တပ်ရင်း(၁၀)၏ ကားကို ကော်သူးလေအာမီက ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် KNLA တပ်ရင်း ၁၀ က စစ်ဘက်ရေးရာကွပ်ကဲရေးမှူး ဗိုလ်မှူးစောဖိုးစီနှင့် ရဲဘော်တစ်ဦး သေဆုံးခဲ့သည်။

စက်တင်ဘာ ၁၆ ရက်ကလည်း အရှေ့တောဒေသ၊ ကျောက်မဲတောင်ကျေးရွာအုပ်စု၊ ပျဉ်းသားတောရွာရှိ KNU တပ်မဟာ-၄ လက်အောက်ခံ KNLA စခန်းကို ဗိုလ်အယ်ကွီးဦးဆောင်သည့် ကော်သူးလေအာမီက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ကရင်လက်နက်ကိုင် အဖွဲ့နှစ်ခုအကြား ဖြစ်ပေါ်နေသည့် ပဋိပက္ခကို ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် ဖြေရှင်းရန် ဒေသတွင်းရှိ ကရင်အဖွဲ့အစည်းများကို အကြိမ်ကြိမ်တောင်းဆိုထားကြသည်။