ဘန်ကောက်ပစ်ခတ်မှုတွင် သေဆုံးခဲ့သည့် မြန်မာအမျိုးသမီးအတွက် နစ်နာကြေး ဘတ် ၂ သိန်းပေးမည်

0
2255

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ် ပစ်ခတ်မှုကြောင့် သေဆုံးသွားသော မြန်မာအမျိုးသမီးအတွက် နစ်နာကြေး ဘတ် ၂ သိန်းကို ထိုင်းတရားရေးဝန်ကြီးဌာနက ပေးအပ်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်း Siam Paragon ရှောပင်းစင်တာအတွင်း ပစ်ခတ်မှုကြောင့် သေဆုံးသွားသော တရုတ်အမျိုးသမီးနှင့် မြန်မာအမျိုးသမီးကို နစ်နာကြေးများ ပေးအပ်သွားမည်ဖြစ်ကြောင်း ထိုင်းတရားရေးဝန်ကြီးဌာနက Sakolphat Kijdamrongsak ကပြောကြားခဲ့သည်။

သေဆုံးသွားသော မြန်မာအမျိုးသမီးသည် အသက် ၃၁ နှစ်အရွယ် မမိုးမြင့်အမည်ရှိသူဖြစ်ပြီး မွန်ပြည်နယ် သထုံမြို့ဇာတိဖြစ်ကြောင်း သံအရာရှိရုံးထံမှ သိရသည်။

နစ်နာကြေးပေးမည့်ကိစ္စနှင့် ပတ်သက်၍ ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိကို မေးမြန်းရာ အဆိုပါကိစ္စနှင့် ပတ်သက်၍ မသိရှိရသေးကြောင်း ဖြေကြားခဲ့သည်။

 “အဲဒါတော့ ကျွန်တော်တို့ မသိသေးပါဘူးနော်။ နာရေးကိစ္စနှင့် ပတ်သက်ပြီးတော့ ကျွန်တော်တို့ မိသားစုတွေနဲ့ ချိတ်ဆက်ပြီးတော့ ဒီမှာလည်း သူ့ရဲ့တူရှိတယ်လေ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်နေတာ ရှိပါတယ်” ဟု ဖြေကြားခဲ့သည်။

 နာရေးကိစ္စနှင့်ပတ်သက်၍ ကုမ္ပဏီတာဝန်ရှိသူများ၊ လုပ်ဖော်ကိုင်ဖက်များနှင့်တွေ့ဆုံကာ မီးသင်္ဂြိုဟ်နိုင်ရေး ဆောက်ရွက်ပေးလျက်ရှိကြောင်း မြန်မာသံရုံးက ထုတ်ပြန်ထားပြီး ဈာပနအတွက် ဘုရင့်တော်ဝင် နန်းတော်က တာဝန်ယူမည်ဟု ကြေညာထားသည်။

 အလောင်စစ်ဆေးချက်ရလဒ်အရ မမိုးမြင့်၏ အဆုတ်နှင့် နှလုံးကို ပစ်ခတ်ခံခဲ့ရကြောင်း‌ ဖော်ပြထားသည်။

 သူသည် Siam Center ရှိ Take Toys ဆိုင်၏ ဝန်ထမ်းတစ်ဦးဖြစ်ပြီး Siam Paragon ရှိ Bangkok Bank ရုံးခွဲတွင် ငွေသွင်းရန်လာစဉ် ပစ်ခတ်မှုဖြစ်စဉ်နှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

 ယင်းနောက် ဒဏ်ရာများဖြင့် ရဲချုပ်ဆေးရုံသို့ ပို့ဆောင်ကာ အသက်ကယ်နိုင်ရန် တစ်နာရီခန့် ကြိုးစားခဲ့သော်လည်း သေဆုံးသွားခဲ့သည်။

အလုပ်ရှင်က မြန်မာအမျိုးသမီးသည် ချစ်စရာကောင်းသူဖြစ်ပြီး ထိုင်း၊ တရုတ်၊ အင်္ဂလိပ်ဘာသာများကို တတ်ကျွမ်းသူဖြစ်ကာ မိသားစုကို တစ်လလျှင် ဘတ် ၁၀၀၀၀ ထောက်ပံ့လေ့ရှိကြောင်း ပြောဆိုချက်ကို ဖော်ပြထားသည်။

 မမိုးမြင့် အသက်ရှိစဉ်က မိဘများကို ထောက်ပံ့ခဲ့သော ငွေပမာဏအတိုင်း အလုပ်ရှင်က ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး မည်သည့်အချိန်အထိ ထောက်ပံ့ပေးမည်ကိုမူ ပြောဆိုခဲ့ခြင်းမရှိပေ။

သေဆုံးသူများအပြင် ဒဏ်ရာရရှိသူ ၅ ဦးကို ဆေးကုသစရိတ်အဖြစ် ဘတ် ၄၀၀၀၀ နှင့် ပြန်လည်ထူထောင်ရေးအတွက် ဘတ် ၂၀၀၀၀ ပေးအပ်သွားမည်ဖြစ်ကြောင်း ထိုင်းတရားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဆေးကုသနေချိန်အတွက် အလုပ်လက်မဲ့ဖြစ်မှုအတွက် တစ်နေ့လုပ်အားခ ၃၅၃ ဘတ်ကို တစ်နှစ်ထက် မပိုစေဘဲ ပေးအပ်သွားမည်ဖြစ်ကြောင်း ဆိုသည်။

အသက် ၁၄ နှစ်အရွယ် သေနတ်သမားကို လူသတ်မှု၊ လူသတ်ရန် ကြံစည်မှု၊ ကြိုးပမ်းမှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ အများပြည်သူနေရာတွင် ပစ်ခတ်မှု စသော အမှု ၅ မှုဖွင့်ထားကြောင်း ဖော်ပြထားသည်။

အဆိုပါသေနတ်ကို ဘတ် ၁၆၀၀၀ ဖြင့် အွန်လိုင်းမှ ဝယ်ယူခဲ့ပြီး ဆက်စပ်မှုနှင့် သံသယရှိသူ ၃ ဦးကို ဝရမ်းထုတ်ထားကာ ၂ ဦးကို ထိုင်းတောင်ပိုင်း ရာလခရိုင်တွင် ယနေ့ ဖမ်းဆီးရမိထားသည်။

Ref: The Nation Thailand, Thai Enquirer