ကလိန်အောင်အနီးတွင် PDF နှစ်ဦးကျဆုံး၊ ဒလန်ဆိုသူတစ်ဦးလည်း အသတ်ခံရ

0
1942

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီးတွင် Spring Dhamma PDF အဖွဲ့က နှစ်ဦးကျဆုံးကြောင်း ယင်းအဖွဲ့တာဝန်ရှိသူက ပြောသည်။

စက်တင်ဘာလ ၃၀ ရက်က ကျောက်ရှပ်ရွာနှင့် ရေပုံးရွာအကြား နွယ်လီချောင်းအဖျားရှိ ဥယျာဉ်ခြံတစ်ခုတွင် Spring Dhamma PDF အဖွဲ့ရှိနေချိန် စစ်ကောင်စီတပ်က ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပစ်ခတ်မှုအတွင်း Spring Dhamma PDF အဖွဲ့က အသက် ၂၅ နှစ်ဝန်းကျင်အရွယ်ရှိ ဗိုလ်လင်းယုန်နှင့် ဗိုလ်မီးပွားတို့ ကျဆုံးပြီး လက်နက်ခဲယမ်းအချို့လည်းဆုံးရှုံးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

“ခြံတဲ (ဥယျာဉ်ခြံစောင့်တဲ) တစ်ခုမှာ ခဏနားနေကြတုန်း သတင်းပေးတဲ့လူရှိလို့ ဝင်ဝိုင်းခံရတာ။ ကျွန်တော်တို့ ဘက်ကတော့ ၅ယောက်ပေါ့။ အင်အားကလည်း မမျှဘူး။ ပြန်ခံပစ်ကြသေးတယ်။ ၃ယောက်ကတော့ လွတ်လာ တယ်။ ဗိုလ်လင်းယုန် နဲ့ ဗိုလ်မီးပွားကတော့ ကျသွားတယ်။ ကင်းပုန်းတော့ဆက်ရှိနေလို့ အလောင်းတော့ ကောက်လို့မရသေးဘူး” ဟု Spring Dhamma PDF အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိကြောင်း ၎င်းက ပြောဆိုသည်။

အောက်တိုဘာလ ၁ ရက်တွင် ကလိန်အောင်မြို့၊ အမှတ် ၃ ရပ်ကွက်တွင် နေထိုင်သည့် ကိုကုလားဆိုသူသည် စစ်ကောင်စီတပ်ကို သတင်းပေးနေသဖြင့် Spring Dhamma အဖွဲ့ က ဥယျာဉ်ခြံတစ်ခုအတွင်း ပစ်ခတ်ခဲ့ကြောင်း အထက်ပါ တာဝန်ရှိသူက ဆက်ပြောသည်။

ကိုကုလားသည် ကလိန်အောင်အခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ ၄၁၀ မှ တပ်ကြပ်ကြီးတစ်ဦး၏ သားဖြစ်ကြောင်း သိရပြီး သတင်းပေးပြုလုပ်သည်ဟုသည့် အချက်အလက်ကိုမူ Dawei Watch က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“ပစ်သတ်ခံလိုက်ရတယ်ပဲကြားတယ်။ ဘယ်မှာ အသတ်ခံရမှန်းတောင် မသိဘူး။ အလောင်းလည်း သွားမကောက်ကြဘူးထင်တယ်” ဟု ကလိန်အောင်မြို့၊ အမှတ် ၃ ရပ်ကွက်တွင်နေထိုင်သူ အမျိုးသမီးတစ်ဦး က ပြောသည်။

စက်တင်ဘာလအတွင်း ကလိန်အောင်မြို့နယ်အတွင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ် သုံးကြိမ်ထက်မနည်းရှိပြီး PDF စခန်း တစ်ခုလည်း ဝင်ရောက်စီးနင်းဖျက်ဆီးခံခဲ့ရသေးသည်။