ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌအပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၅ ဦး ပြန်လွတ်

0
1070
ဓာတ်ပုံ - သမဂ္ဂ

ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်ဝေယံကျော်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၅ ဦး လွတ်ရက်စေ့ပြီး ယနေ့ အောက်တိုဘာလ ၂ရက် နံနက်တွင် ပြန်လည်လွတ်မြောက်လာကြောင်း လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးက ပြောသည်။

ပြန်လည်လွတ်မြောက်လာသူတို့မှာ ကိုအောင်ဝေယံကျော်၊ ကိုသုတင်စိုး (ခ) မောင်တူး၊ ကိုအောင်သူရဇော်၊ ကိုရဲထွန်း၊ ကိုဝေယံထက်၊ ကိုကျော်မင်းဦး၊ ကိုဇင်မြတ်ဦး၊ ကိုကိုလင်းနိုင်၊ ကိုဝင်းလတ်ထွေး၊ ဥက္ကာရှိုင်းအောင် (ခ) ပုတု၊ ကိုဝေယံဌေးတို့ဖြစ်ကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက်-DPPN က ထုတ်ပြန်ထားသည်။

လက်ရရှိထားသည့်စာရင်းအရ နိုင်ငံရေးအကျဉ်းသား ၁၁ ဦး၏အမည်များကိုသာ DPPN က ထုတ်ပြန်ထားပြီး နောက်ထပ် လေးဦး၏ အမည်ကိုမူ Dawei Watch က ဆက်လက်မေးမြန်းစုံစမ်းနေဆဲဖြစ်သည်။

ယနေ့ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားတို့သည် လျှော့ရက်ဖြင့် လွတ်ရက်စေ့သဖြင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း DPPN အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“ရက်စေ့ပဲဗျ။ လျှော့ရက်က အကျဉ်းသားအားလုံး ခံစားခွင့်ရှိတဲ့ လျှော့ရက်ပါ။ ပုံမှန်အကျဉ်းသား တစ်လကို ၂ ရက်လားပဲဗျ လျှော့တယ်။ ထမင်းချက်ဆိုရင် ၃ ရက် သို့မဟုတ် ၄ ရက်လျှော့တယ်။ စိုက်ပျိုးရေးဘယ်လောက်။ အဲဒီလိုမျိုးရှိတယ်” ဟု ၎င်းက ပြောသည်။

၎င်းတို့ ၁၅ ဦးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) အတွက် ထောင်ဒဏ် ၃ နှစ်၊ လက်နက်မှု ကိုင်ဆောင်မှု ပုဒ်မ၁၉ (စ) အတွက် ထောင်ဒဏ် ၁ နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ် အမိန့်ချခံထားရသူများဖြစ်ကြောင်း ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးက ဆိုသည်။

“လျှော့ရက်ဆိုတာက ထောင်မှာက ပြစ်ဒဏ်ရဲ့ သုံးပုံတစ်ပုံပဲနေရတယ်။ လွတ်ရက်စေ့လို့ လွတ်လာတာ” ဟု ၎င်းက ပြောသည်။

ယင်းအပြင် မူးယစ်ဆေးဝါးအမှုဖြင့် အကျဉ်းကျခံနေရသူ ငါးဦးလည်း လွတ်ရက်စေ့ပြီးပြန်လွတ်လာပြီး ထိုအထဲတွင် အမျိုးသမီးနှစ်ဦး ပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ကိုအောင်ဝေယံကျော် အပါအဝင် သပိတ်စစ်ကြောင်းမှ ကျောင်းသားများသည် ၂၀၂၁ ခုနှစ် မတ်လ ၁၈ ရက်နေ့က ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက် နေအိမ်တွင် ဖမ်းဆီးခံခဲ့ရသည်။

လက်ရှိတွင် ထားဝယ်အကျဉ်းထောင်၌ အကျဉ်းသား စုစုပေါင်း တစ်ထောင်ခန့်ရှိပြီး နိုင်ငံရေးအကျဉ်းသား ၄၀၀ နီးပါးရှိကြောင်း DPPN ထံမှ သိရသည်။