မြိတ်သို့ သယ်ဆောင်လာသည့် မူးယစ်ဆေးပြား ‌လေးသိန်းဖမ်းမိ

0
2024
ပုံစာ - မူးယစ်ဆေးဝါးတို့နှင့်အတူ ဖမ်းမိသူများ။ ဓာတ်ပုံ - CCDAC Myanmar

မြိတ်မြို့သို့ သယ်ဆောင်လာသည့် စိတ်ကြွမူးယစ်ဆေးပြား လေးသိန်းအား ဖမ်းမိခဲ့ကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါးအလွဲသုံးချမှု ထိန်းချုပ်ရေးဗဟိုကော်မတီက စက်တင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ မူးယစ်ဆေးဝါးတို့အား စက်တင်ဘာလ ၂၄ ရက်နေ့ ည ၈နာရီက ရန်ကုန်တိုင်း လှည်းကူးမြို့နယ်တွင် ဖမ်းမိခဲ့ကြောင်း ဖော်ပြသည်။

လှည်းကူးမြို့နယ်၊ အမှတ်သုံး လမ်းဆုံတွင် သတင်းအရ စောင့်ဆိုင်းနေစဉ် CROWN နှင့် BMW အမျိုးအစားမော်တော်ယာဉ်နှစ်စီးတို့ ရှေ့နောက်ဆက်တိုက် ရောက်ရှိလာကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မော်တော်ယာဉ်တို့အား စစ်ဆေးရာ CROWN မော်တော်ယာဉ်မောင်းနင်လာသည့် အမျိုးသမီးတစ်ဦးနှင့်အတူ စိတ်ကြွဆေးပြား လေးသိန်းနှင့် BMW မော်တော်ယာဉ်ပေါ် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့အား ဖမ်းမိခဲ့ကြောင်းဖော်ပြသည်။

၎င်းတို့၏ ထွက်ဆိုချက်အရ မူးယစ်ဆေးဝါးတို့အား တောင်ကြီးမြို့မှ သယ်ဆောင်လာခြင်းဖြစ်ပြီး မြိတ်မြို့သို့ပို့ဆောင်မည်ဖြစ်ကြောင်း ဆက်လက် ဖော်ပြသည်။

ကာလတန်ဖိုးအားဖြင့် ကျပ်သိန်း ခြောက်ထောင်ရှိပြီး ဖမ်းမိသူငါးဦးတို့အား မူးယစ်ဆေးဝါးအမှုတို့ဖြင့် အရေးယူဆောင်ရွက်ထားကြောင်းဆိုသည်။

မြိတ်တွင် ပြီးခဲ့သည့် ဧပြီနှင့် မေလအတွင်းတို့က စိတ်ကြွရူးသွပ်ဆေးပြား ၂၃၀၀၀၀ ကျော်နှင့် ဘိန်းဖြူအချို့ ဖမ်းမိခဲ့သည်။