ဆန်ဈေးငြိမ်ပြီး ကြက်သွန်ဖြူဈေးတက်နေသည့် ထားဝယ်ဈေးကွက်

0
1014

ထားဝယ်ဈေးကွက်တွင် ယခုအပတ်အကျဈေးဖြင့် ဆန်ကြမ်းဈေးငြိမ်နေပြီး ကြက်သွန်ဖြူဈေး အနည်းငယ်တက်နေသည်။

စက်တင်ဘာလ ၈ ရက်နေ့က ရက်ကိုးဆယ် အကယ်ဒမီဆန်ကြမ်းတစ်အိပ်ကို ၉၂၀၀၀ ကျပ်ဈေးရှိရာမှ ၁၅ ရက်နေ့ တွင် ၉၀၀၀၀ ကျပ်သို့ ဈေးကျသွားပြီး စက်တင်ဘာ ၂၂ ရက် ယနေ့ ဈေးမှာလည်း ဆန်ကြမ်းတစ်အိတ် ၉၀၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေခြင်းဖြစ်သည်။

ကြက်သွန်ဖြူထူးငါး တစ်ပိဿာလျှင် စက်တင်ဘာလ ၁၅ရက်နေ့က ၉၈၀၀ ကျပ်မှ ယနေ့ ၁၀၅၀၀ ကျပ်ဖြစ်လာပြီး ကျပ် ၇၀၀ ဈေးတက်လာသည်။

ကြက်သွန်ဖြူ ထူးလေးမှာ တစ်ပိဿာ ၉၅၀ဝကျပ်ဖြင့် ပြီးခဲ့သည့်စက်တင်ဘာလ ၈ ရက်နေ့ကတည်းကစပြီး ဈေးငြိမ်နေခြင်းဖြစ်သည်။

ဆန်ချောအမျိုးအစားများဖြစ်သည့် ရွှေဘို‌ အောင်သီဟ၊အကယ်ဒမီအစိမ်း တံဆိပ် ဆန်များမှာ စက်တင်ဘာလ ၁ ရက်နေ့ကစပြီး ဈေးငြိမ်နေခြင်းဖြစ်သည်။

သို့သော် အကယ်ဒမီ အနီအမျိုးအစား ဆန်တစ်အိတ်ကို စက်တင်ဘာ လ ၁၅ ရက်နေ့က ၁၃၂၀၀ဝကျပ်မှ ယနေ့ ၁၂၂၀၀၀ ကျပ်သာ ရှိတော့သည်။

တစ်ပတ်အတွင် အကယ်ဒမီအနီ ဆန်တစ်ပိတ် ကျပ်တစ်သောင်း ဈေးကျသွားခြင်းဖြစ်သည်။

ဆီလုပ်ငန်းရှင်များအသင်းက အကန့်အသတ် တန်းစီစနစ်ဖြင့် ရောင်းချသည့် စားအုန်းဆီဈေးမှာ ထားဝယ်တွင် စက်တင်ဘာလ ၁၅ရက်က တစ်ပိဿာ ၄၉၀ဝကျပ် ဈေးရှိရာမှ ယနေ့ ၅၂၅ဝကျပ် ဖြစ်လာသည်။

လူတစ်ယောက် ဆီတစ်ပိဿာနှုန်း ဖြင့် တန်းစီစနစ်ဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်။

သို့သော်ပြင်ပဈေးကွက်တွင် စားအုန်းဆီ ပုံးဝါတစ်ပုံးကို ကျပ် ခုနှစ်သောင်းကျော်မှ ရှစ်သောင်းကျော်အထိ ဈေးပေါက်နေသည်။ လက်ရှိ ထားဝယ် ပြင်ပပေါက်ဈေးမှာ စားအုန်းဆီ တစ်ပိဿာ ကျပ်ရှစ်ထောင် ဖြစ်သည်။