ဘန်လောရွာကို လက်နက်ကြီးဖြင့် နှစ်ရက်ဆက်တိုက်ပစ်ခတ်သဖြင့် ရွာသားများထွက်ပြေးနေရ

0
1494

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးများဖြင့် နှစ်ရက်ဆက်တိုက်ပစ်ခတ်သဖြင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် ပစ်ခတ်ခြင်းဖြစ်ပြီး ဒေသခံများ ထွက်ပြေးနေရသဖြင့် အိုးအိမ်ထိခိုက်မှု ရှိမရှိ မသိရှိရသေးကြောင်း ၎င်းတို့က ဆိုသည်။

“ဘန်လောလမ်းဆုံမှာ (လက်နက်ကြီးကျည်တွေ) လာကျနေတယ်။ ရွာသားတွေတော့ ပြေးကုန်ကြပြီ။ အထိအခိုက်တော့ သေချာမသိရသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်မှ မွန်းလွဲ ၂ နာရီဝန်းကျင်အထိ တနင်္သာရီမြို့၊ လေသာတောင်ပေါ်မှ ဘန်လောရွာဖက်သို့ လက်နက်ကြီး အနည်းဆုံး ငါးလုံး ပစ်ခတ်ကြောင်း ဒေသခံတို့က ဆိုသည်။

စက်တင်ဘာ ၁၂ ရက်နေ့ကဆိုလျှင် ညောင်ပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီတပ်ရင်း (၅၆၁) က ပစ်ခတ်ခဲ့သလို ဗောဓိကမ်းတံတားဘက်ကလည်း ပစ်ခတ်ကြောင်း ၎င်းတို့က ပြောသည်။

နံနက် ၉ နာရီမှ ၁၀ နာရီကျော်သည်အထိ လက်နက်ကြီးအချက်ရေနှစ်ဆယ်ခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။

“တိုက်ပွဲဖြစ်ရင် ကြိုရှောင်လို့ရသေးတယ်။ အခုက တိုက်ပွဲမဖြစ်ဘဲ ပစ်ချင်တဲ့အချိန်ပစ်နေတော့ ရေရှည်မှာ ရွာသားပဲ ခံရတယ်။ ပြေးလိုက်လွှားလိုက်နဲ့ တစ်နေ့တစ်နေ့ စားဖို့ထမင်းတောင် ဖြောင့်ဖြောင့်မတည် (မချက်) နိုင်ကြဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်များလှုပ်ရှားနေသည်ဟု ယူဆချက်ဖြင့် စစ်ကောင်စီတပ်သည် တိုက်ပွဲမဖြစ်ဘဲ ဘန်လော၊ လယ်တောင်ယာ၊ အရှေ့မော်တုန်းနှင့် အနောက်မော်တုန်း စသည့်ကျေးရွာများသို့ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်လေ့ရှိကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။