မြိတ်တွင် အခေါက်ရွှေဈေး ၃၆ သိန်းအောက်ကျဆင်း

0
2034

တစ်ကျပ်သားလျှင် ကျပ်သိန်းလေးဆယ်နီးပါးအထိ ဈေးမြင့်တက်ခဲ့သည့် အခေါက်ရွှေဈေးနှုန်းသည် စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းမှစပြီး ၃၆ သိန်းအောက် ကျဆင်းနေပြီဖြစ်ကြောင်း မြိတ်မြို့ရှိ ရွှေဈေးကွက်မှ သိရသည်။

အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၅သိန်းခွဲ မှ ၃,၅၀၀,၀၀၀ ကျပ်အထိ ကျဆင်းနေပြီဖြစ်ကြောင်း ရွှေအရောင်းဆိုင်အချို့မှ သိရသည်။

“ရွှေဈေးတွေ ဒီထက် ထပ်ကျဆင်းဖို့ ရှိနိုင်သေးတယ်” ဟု ရွှေဆိုင်ရှင်တစ်ဦးက စက်တင်ဘာလ ၇ ရက်နေ့က ပြောသည်။

နိုင်ငံခြားငွေလဲဈေးနှုန်းများ ကျဆင်းနေသည့်အတွက် ရွှေဈေးနှုန်းများ ထပ်မံကျဆင်းနိုင်သေးကြောင်း ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်နေ့က အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်းလေးဆယ်နီးပါး( ၃၉ သိန်းခြောက်သောင်း) အထိ မြင့်တက်ခဲ့ကြောင်း ယင်း‌ဈေးကွက်မှ သိရသည်။

တစ်ကျပ်သားလျှင် ၃၉ သိန်းခြောက်သောင်းအထိ ရှိသည့်အချိန်က အရောင်းအဝယ်ခေတ္တ ရပ်နားထားခဲ့ရကြောင်း ရွှေဆိုင်ရှင်အချို့က ဆိုသည်။

ယင်းနောက် ဩဂုတ်လ ၂၂ ရက်နေ့တွင် ၃၇ သိန်းငါးသောင်းကျပ်အထိ ထပ်မံကျဆင်းလာခဲ့ကြောင်း ရွှေအရောင်းဆိုင်အချို့က ပြောပြသည်။

ရွှေဈေးနှုန်းများ တ‌ဖြေး‌ဖြေးကျဆင်းလာရာ စက်တင်ဘာလ ၇ ရက်နေ့တွင် ၃၆ သိန်းအောက်ရောက်ရှိလာခြင်း ဖြစ်သည်။

“အရောင်းအဝယ်က သိပ်မရှိသေးဘူး။ ဝယ်တဲ့သူတွေက ဈေးထပ်ကျဆင်းမဲ့အချိန်ကို စောင့်နေကြတာ များတယ်” ဟု ဆိပ်ငယ်ဈေးကြီးရှိ ရွှေဆိုင်ရှင်တစ်ဦးက ပြောသည်။

ထို့အပြင် အခေါက်ရွှေဝယ်ယူသူအများစုသည် ရွှေစုသူများနှင့် လက်ထဲငွေမကိုင်ထားချင်သူများကြကြောင်း၎င်းက ပြောပြသည်။

အာဏာမသိမ်းမီအချိန်က အခေါက်ရွှေတစ်ကျပ်သားလျှင် တစ်ဆယ်သုံးသိန်းဝန်းကျင်သာ ရှိခဲ့ကြောင်း ယင်းရွှေဈေးကွက်မှ သိရသည်။