တနင်္သာရီမြို့နယ် ကားနှင့် ခြေလျင်စစ်ကြောင်း တစ်ရက်တည်း မိုင်းသုံးကြိမ်ဆွဲခံရ

0
1220
ပုံစာ - စက်တင်ဘာလ ၆ ရက်နေ့က တိုက်ပွဲကြောင့် ကားပိတ်မိနေသည့် မြိတ် -တနင်္သာရီလမ်းပိုင်းတနေရာ

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ပြည်ထောင်စုလမ်းတွင် စစ်ကောင်စီတပ်ကားနှင့် ခြေလျင်စစ်ကြောင်းတို့ တစ်ရက်တည်း မိုင်းသုံးကြိမ်ဆွဲခံရကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများထံမှသိရသည်။

စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၇ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် Vigo ကား ကော့မပြင်းရွာအနီးတွင် မိုင်းဆွဲခံရပြီး မွန်းလွဲ ၂ နာရီတွင်လည်း မိုင်းရှင်းရန်လာသည့် စစ်ကောင်စီတပ် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ရကြောင်း ၎င်းတို့က ပြောသည်။

ညနေ ၆ နာရီခန့်တွင် စစ်ကူလာသည့် ခြေလျင်စစ်ကြောင်း ထပ်မံမိုင်းဆွဲခံရကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

“ဖြစ်တဲ့ သုံးနေရာစလုံးက ကော့မပြင်းရွာအနီးတဝိုက်မှာ ဖြစ်တာ။ အထိအခိုက်ကတော့ တစ်ဆယ်ကျော် နှစ်ဆယ်နီးပါး ရှိနိုင်တယ်။ အတိအကျတော့ ပြောမရသေးဘူးဗျ” ဟု မိုင်းဆွဲတိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် တောဗုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက Dawei Watch သို့ ပြောသည်။

People Defense Oganization-Tanintharyi Division (တနင်္သာရီတိုင်း ကာကွယ်ရေးအဖွဲ့) ကလည်း အမှတ် ၃၀၆ အမြောက်တပ်ရင်းက Vigo ကားမိုင်းဆွဲခံရပြီး ကားပေါ်ပါ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးကာ သုံးဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ယနေ့နံနက်တွင် ထုတ်ပြန်ထားသည်။

ယင်းနောက် စစ်ကူရန်လာသည့် ခြေလျှင်တပ်ရင်းအား မိုင်းဆွဲမှုကြောင့် ဗိုလ်အဆင့်ရှိအရာရှိတစ်ဦး အပါအဝင် အနည်းဆုံး ခုနစ်ဦး သေဆုံးပြီး ထိခိုက်သေဆုံးသူများကို မြိတ်မြို့သို့ သယ်ဆောင်သွားသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုဖက်မှ အထိအခိုက်မရှိပဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်ပြုချက် မရသေးပေ။

အထက်ပါတိုက်ခိုက်မှုကို တောဗုံးကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တနင်္သာရီ ပကဖ) ၊ အရိပ်ပြောက်ကျား အဖွဲ့(ပုလော ပကဖ) ၊ တနင်္သာရီကာကွယ်ရေးပြောက်ကျားအဖွဲ့(တနင်္သာရီပကဖ) ၊ တနင်္သာရီရိုးမအဖွဲ့ (တနင်္သာရီ ပကဖ) တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မိုင်းဆွဲခံရပြီးနောက် မိနစ်အနည်းငယ်ကြာ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံမျာကြားရကြောင်း ဒေသခံများက ပြောသည်။

အထက်ပါတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် တနင်္သာရီမြို့နယ်၊ ပြည်ထောင်စုလမ်းပိုင်း အော်ကြီးရွာအနီးတွင် ခရီးသည်ကားများ နာရီအတန်ကြာ ပိတ်ဆို့ခဲ့ကြောင်း ခရီးသည်တင်ကား မောင်းသူများက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်ကလည်း တနင်္သာရီမြို့ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်အား မြိတ်ခရိုင်အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၂ နှင့် တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ သွားရောက် တိုက်ခိုက်ခဲ့ သေးကြောင်း ယင်းအဖွဲ့များထံမှသိရသည်။

နောက်ထပ် စစ်ရေးအရှိန်မြင့်လာနိုင်သည့်အတွက် ခရီးသွားပြည်သူများအနေဖြင့်လည်း သွားလာရာတွင် စစ်ရေး သတိပြုရန်နှင့် တနင်္သာရီမြို့ စစ်ကောင်စီတပ်များအပါအဝင် ဌာနဆိုင်ရာများအနီး နေထိုင်သွားလာခြင်း မပြုကြရန် တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။