ဘီးလင်းတွင်တိုက်ပွဲဖြစ်ပြီး ရွာခြောက်ရွာက ဒေသခံထောင်နှင့်ချီထွက်ပြေးနေရ

0
1255

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာအနီး တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် ကျေးရွာ ခြောက်ရွာက ထောင်နှင့်ချီသည့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း ထွက်ပြေးနေရသည့်ဒေသခံတို့ထံမှ သိရသည်။

အလူးလေးကျေးရွာအနီးတွင် စက်တင်ဘာလ ၄ ရက်နေ့က စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံတို့က ပြောသည်။

ယင်းနောက် စက်တင်ဘာလ ၅ ရက်နေ့က အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်များ အလူးလေး ကျေးရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း ၎င်းတို့က ဆိုသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် တိုက်ပွဲထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက် အလူးလေး၊ အလူးကြီး၊ အလယ်ရွာ၊ အနောက်ရွာလေး အပါအဝင် ကျေးရွာ ခြောက်ရွာခန့်က ဒေသခံများ ဘေးလွတ်သို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတို့က ပြောဆိုသည်။

“တိုက်ပွဲလည်း ဖြစ်ထားတယ်။ စစ်ကြောင်းတွေလည်း ဝင်လာနေတယ်ဆိုတော့ တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်လို့ ရွာမှာ မနေရဲကြဘူး။ ပြီးတော့ စစ်ကြောင်းနဲ့ တိုးရင်လည်း ဖမ်းခံရနိုင်တယ်။ အဲဒါကြောင်းမို့ အနီးနားတဝိုက်က ရွာတွေ အကုန်းလုံးက ရှောင်နေကြရတာပေါ့။ စစ်ကြောင်းတွေ ပြန်ထွက်သွားရင်တော့ ပြန်မှာပေါ့” ဟု ထွက်ပြေးတိမ်းရှောင်နေရသည့် အလူးလေးဒေသခံတစ်ဦးက ပြောသည်။

စက်တင်ဘာ ၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်စဉ်အတွင်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က တပ်ဖွဲ့ဝင် သုံးဦး သေဆုံးသွားပြီး စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှုရှိကြောင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် နှစ်ဖက်စစ်ရေး တင်းမာနေပြီး စစ်ကောင်စီတပ်ဘက် အင်အားတိုးချဲ့ထားသည့်အတွက် တိုက်ပွဲများ ထပ်ဖြစ်လာနိုင်ကြောင်း ဒေသခံတို့က ပြောဆိုသည်။

အလူးလေးကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်ပွားလေ့ရှိသည်။