မြန်မာတွင် လိင်လုပ်သားအဖြစ် လူကုန်ကူးခံရသော ထိုင်းအမျိုးသမီးကို ကယ်တင်

0
9323
ပုံစာ - ထိုင်းအမျိုးသမီး နေထိုင်ခဲ့သည့်နေရာနှင့် အလုပ်လုပ်ရသည့် အဆောက်အအုံ။

ရှမ်းပြည်နယ်တွင် လိင်အလုပ်သမားအဖြစ် လူကုန်ကူးခံခဲ့ရသော ထိုင်းအမျိုးသမီးတစ်ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

အသက် ၂၉နှစ်အရွယ် နမ်း (Nam) အမည်ရှိ ထိုင်းအမျိုးသမီးသည် ရှမ်းပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့များရှိသော မြို့တစ်မြို့တွင် ပြည့်တန်ဆာအဖြစ် လူကုန်ကူးခံရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ မြို့အမည်ကိုမူ သတင်းများတွင် ဖော်ပြထားခြင်း မရှိပေ။

ထိုင်းအမျိုးသမီးသည် ရှမ်းပြည်နယ်ရှိ မြို့တစ်မြို့တွင် ပြည့်တန်ဆာအဖြစ်ရောင်းစားခံထားရသည်ကြောင်း ထိုင်း သတင်းဌာန Ninja Today ထံသို့ ပြီးခဲ့သော လများက ဆက်သွယ်အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့နောက် ထိုင်းအာဏာပိုင်များက စုံစမ်းစစ်ဆေးခဲ့ပြီး မြန်မာအာဏာပိုင်များထံအကူအညီတောင်းခံကာ နှစ်နိုင်ငံ ပူးပေါင်းကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန ရဲမှူးကြီးတစ်ဦးက စက်တင်ဘာလ ၂ရက်နေ့တွင် ပြောသည်။

သို့သော်လည်း ကယ်တင်ခဲ့သော နည်းလမ်းအတိအကျကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိခဲ့ပေ။

အဆိုပါထိုင်းအမျိုးသမီးကို မြန်မာဘက်က မယ်ဆိုင်-တာချီလိတ်ဂိတ်မှတစ်ဆင့် ထိုင်းအာဏာပိုင်များထံသို့ စက်တင်ဘာလ ၁ ရက်နေ့တွင် လာရောက်အပ်နှံကြောင်း သတင်းတွင်ဖော်ပြသည်။

ထိုင်းအမျိုးသမီးသည် ယခုနှစ် မေလအထိ ဘန်ကောက်မြို့ရှိ စားသောက်ဆိုင်တွင် ဧည့်ကြိုလုပ်နေခဲ့သူဖြစ်သည်။

ထို့နောက် Tiktok ပေါ်က သူငယ်ချင်းတစ်ဦးက မြန်မာနိုင်ငံတွင် ဝင်ငွေကောင်းသော ဧည့်ကြိုအလုပ်တစ်ခုရှိပြီး တစ်နေ့ဝင်ငွေ ယွမ် ၉၀၀ (ဘတ် ၄၃၀၀) အထိရရှိနိုင်သည်ဟု စည်းရုံးခဲ့ရကြောင်း ကာယကံရှင်အမျိုးသမီး ပြောဆိုချက်ကို သတင်းတွင် ဖော်ပြထားသည်။

ပထမအကြိမ်တွင် ငြင်းဆိုခဲ့သော်လည်း အလုပ်အဆင်မပြေပါက အချိန်မရွေး အိမ်ပြန်နိုင်ကြောင်း ထပ်မံစည်းရုံး ခဲ့သဖြင့် လုပ်ကိုင်ရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ထို့ကြောင့် ဇွန်လတွင် သူမသည် မယ်ဆိုင်မြို့မှတစ်ဆင့် တောလမ်းအတိုင်း တာချီလိတ်ဘက်သို့ သွားရောက်ခဲ့ပြီး ကျိုင်းတုံမြို့မှ တစ်ဆင့် လက်နက်ကိုင်တပ်ဖွဲ့များရှိရာမြို့အထိ ရောက်ရှိသွားခဲ့ကြောင်း ရေးသားထားသည်။

၎င်းရောက်ရှိသောနေရာသည် သံဆူးကြိုးများဖြင့် ကာရံထားသော နှစ်ထပ်တိုက်အိမ်ဖြစ်နေပြီး အထဲတွင် တရုတ် နိုင်ငံသားများ ဒစ်ဂျစ်တယ်အွန်လိုင်းငွေလိမ်မှုများကို လုပ်ကိုင်နေကြောင်း ဖော်ပြထားသည်။

ယင်းနေရာတွင် ၎င်းကို အနည်းဆုံး ၆ လ အလုပ်လုပ်ကိုင်ရမည်ဟု ခြိမ်းခြောက်၍ စာချုပ်တွင် လက်မှတ်ထိုးခိုင်းကြောင်း သတင်းတွင် ဖော်ပြသည်။

ထိုင်းအမျိုးသမီးသည် အဆိုပါနေအိမ်တွင် လိင်လုပ်သားအနေဖြင့် လုပ်ကိုင်ခဲ့ရပြီး လုပ်ကိုင်ရန် ငြင်းဆိုမိပါက လက်ထိပ်ခတ်၍ သံတိုင်တွင် ချည်ထားခဲ့ကြောင်း ဖော်ပြထားသည်။

အစား မစားရခြင်း၊ နောက်ကျောကို တုတ်ဖြင့် ရိုက်ခံရခြင်း၊ လျှပ်စစ်တုတ်ဖြင့် အတို့ခံရခြင်းနှင့် မျက်နှာပေါ် ရေလောင်းချခြင်းစသည့် နှိပ်စက်မှုမျိုးစုံကြုံတွေ့ခဲ့ရကြောင်း သတင်းများတွင် ရေးသားထားသည်။

အဆိုပါအိမ်တွင် အခြားမိန်းကလေးများလည်း နှိပ်စက်ခံနေရသည်ကို တွေ့ရှိခဲ့ပြီး ငွေဖြင့် မက်လုံးပေးမှု ထိုင်းအမျိုးသမီးများ အယုံမလွယ်ကြရန်လည်း လူကူးခံရရာမှ ပြန်လည်လွတ်မြောက်လာသည့် ထိုင်းအမျိုးသမီးက ပြောဆိုသည်။

Ref: Daily News, Bangkok Post, The Thaiger