အယုဒ္ဓယတွင် တရားမဝင် ဝင်လာသော ရိုဟင်ဂျာ ၂၁ဦး ဖမ်းဆီးခံရ

0
1637

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသော ရိုဟင်ဂျာ ၂၁ ဦးကို စက်တင်ဘာလ ၂ ရက်နေ့ ညပိုင်းက အယုဒ္ဓယခရိုင် အမြန်လမ်းပေါ်တွင် ဖမ်းမိကြောင်း ထိုင်းသတင်းဌာနများတွင် ‌ဖော်ပြသည်။

အယုဒ္ဓယခရိုင် ဝမ်နွဲ့ဒေသရှိ အမြန်လမ်းမပေါ်တွင် တရားမဝင် အလုပ်သမားများကို ကားဖြင့် တင်ဆောင်လာသည့် သတင်းရ ည ၈ နာရီခန့်တွင် ကားကို ရပ်တန့်စစ်ဆေးရန်အချက်ပြရာ မောင်းထွက်ပြေးသွားကြောင်း ဖော်ပြသည်။

အမြန်လမ်းရဲတပ်ဖွဲ့က နောက်က လိုက်၍ တားဆီးခဲ့ရာ ၅ ကီလိုမီတာခန့်အကွာတွင် ရပ်တန့်ဖမ်းဆီးနိုင်ခဲ့ကြောင်း‌ ဆိုသည်။

အသက် ၂၅ နှစ်အရွယ် ထိုင်းကားသမားသည် ကားထဲက ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ဖမ်းဆီးရမိခဲ့ပြီး ကားထဲတွင် ရိုဟင်ဂျာ ၂၁ ဦးကို တွေ့ရှိခဲ့ရကြောင်း ရေးသားထားသည်။

ရိုဟင်ဂျာများတွင် စာရွက်စာတမ်းနှင့် အထောက်အထားများ မတွေ့ရှိရဘဲ အားလုံးသည် မြန်မာနိုင်ငံမှ လာရောက်ခဲ့သူများဖြစ်ကြကြောင်း ဆိုသည်။

၎င်းတို့သည် နယ်စပ်တောလမ်းမှ တာခ့်ခရိုင်ထဲသို့ ဝင်ရောက်လာခဲ့ပြီး တာခ့်ခရိုင် မယ်ထော်ဒေသမှတစ်ဆင့် လာကြိုသည့်ကားဖြင့် စမွတ်ပရကန်ခရိုင်သို့ သွားရောက်စဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သတင်းများတွင်ဖော်ပြသည်။

ကားသမားသည် ဘတ် ၁၅၀၀၀ ဖြင့် အလုပ်သမားများကို ပို့ဆောင်ပေးရန် ငှားရမ်းခံရသဖြင့် မိခင်ဖြစ်သူ၏ကားကို ယူကာ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်မှာ ဒုတိယအကြိမ်မြောက်ဖြစ်သည်ဟု ဝန်ခံချက်ထားကြောင်း ဖော်ပြသည်။

ဖမ်းဆီးခံရသော ကားသမားနှင့် ရိုဟင်ဂျာများကို ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန်အတွက် ဝမ်နွဲ့ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ရေးသားထားသည်။

စက်တင်ဘာလ ၂ ရက်နေ့ ညနေပိုင်းကလည်း ထိုင်းတောင်ပိုင်း ရနောင်းခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ခုနစ်ဦးကို ဖမ်းမိခဲ့ပြီး စွတ်စန်လန်ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း ဆိုသည်။

ပြီးခဲ့သော ဩဂုတ်လက ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုကြောင့် မြန်မာအလုပ်သမား ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ကားမှောက်မှုကြောင့် ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

Ref: CH 8 News, Khaosod Online, CH 7