ရေသန့်ဈေးထပ်တက်၊ အာဏာသိမ်းကာလအတွင်း ဈေးလေးဆနီးပါးမြင့်တက်

0
2084

မြိတ်တွင် ၂ဝလီတာဆံ့ သောက်ရေသန့်တစ်ဗူးလျှင် ကျပ်နှစ်ရာ ဈေးတက်သွားသဖြင့် တစ်ဗူးလျှင် ကျပ် ၁၁၀၀ ဖြစ်လာကြောင်း မြိတ်မြို့ရှိ ရေသန့်ဈေးကွက်အတွင်းမှ သိရသည်။

အာဏာသိမ်းပြီး ၂ နှစ်ခွဲကာလတွင် ရေသန့်ဈေး လေးဆနီးပါးအထိ မြင့်တက်လာခြင်းဖြစ်သည်။

အာဏာမသိမ်းမီက ၂၀ လီတာဆံ့ သောက်ရေသန့်ဗူးကြီးတစ်ဗူးလျှင် ကျပ်သုံးရာသာ ဈေးရှိခဲ့ပြီး တစ်နှစ်အတွင်း ကျပ်ငါးရာအထိ မြင့်တက်လာကြောင်း သောက်ရေသန့်သုံးစွဲသူတို့မှ သိရသည်။

ယင်းနောက် ၂၀၂၂ ခုနှစ် မတ်လမှစပြီး တစ်‌ဗူးလျှင် ခုနစ်ရာကျပ်နှင့် ဇွန်လတွင် ကိုးရာကျပ်အထိ ထပ်မံမြင့်တက် လာကြောင်း ၎င်းတို့ထံမှ သိရသည်။

ပြီးခဲ့သည့်ဩဂုတ်လ နောက်ဆုံးအပတ်မှစပြီး နှစ်ရာကျပ် ဈေးထပ်တက်သဖြင့် ၁၁၀၀ ကျပ်ဖြစ်လာကြောင်း သောက်ရေသန့်သုံးစွဲသူတို့က ပြောဆိုသည်။

“မိသားစုများတဲ့ အိမ်ဆိုတော့ တစ်နေ့ကို နှစ်ဗူးကုန်တယ်။ အခု ရေသန့်ဈေးထပ်တက်တော့ တစ်ဗူး လျှော့ချလိုက်ရတယ်။ ကျန်တဲ့တစ်‌ဗူးက သောက်သုံးရေ ရောင်းတဲ့ကားကနေ ဝယ်သုံးနေရတယ်” ဟု ရေပုန်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ သောက်ရေသန့်ဈေးမြင့်လာ‌သဖြင့် ရပ်ကွက်အတွင်း ကားဖြင့်လှည့်လည်ရောင်းချနေကြသည့် ရေတို့အား ဝယ်ယူကာ သောက်ရေအဖြစ် အသုံးပြုနေကြရကြောင်း ရေသန့်သုံးစွဲသူအချို့က ဆိုသည်။

အဆိုပါကားဖြင့်လှည့်လည်ရောင်းချနေကြသည့် ရေတို့သည် တောင်ပေါ်ပိုင်းကျသည့် ရပ်ကွက်တို့ရှိ အဝီစိတွင်း ရေများဖြစ်ပြီး သုံးရေအဖြစ် အများဆုံးအသုံးပြုလေ့ရှိကြကြောင်း ရပ်ကွက်နေသူအချို့က ပြောပြသည်။

“တောင်ပေါ်ပိုင်းက ရေတွေက သုံးရေအဖြစ် သုံးကြတာများတယ်။ သောက်လို့လည်း ရတယ်။ သောက်တွင်းလည်း (သောက်လို့လည်း) ကောင်းတယ်။ လေးတယ်။ ဆိုတော့ သောက်ရေအဖြစ်သုံးနေတာလည်း ကြာပါပြီ” ဟု အင်းလေးမြိုင်ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

ရေသန့်တစ်ဗူးလျှင် ကိုးရာကျပ်ဖြစ်သည့်အချိန်မှစပြီး တစ်‌ဗူးလျှင် ၁၀၀ ကျပ်သာပေးရသည့် မြိတ်‌တောင်ဘက်မှ ထွက်ရှိသည့် ရေအား သောက်ရေအဖြစ် အသုံးပြုနေကြောင်း ၎င်းက ပြောဆိုသည်။

လောင်စာဆီဈေးနှုန်း၊ လုပ်အားခ စသဖြင့် အထွေထွေကုန်ကျစရိတ်များ ကြီးမြင့်လာသည့်အတွက် ရေသန့်ဈေးနှုန်းအား တိုးမြှင့်ရခြင်းဖြစ်ကြောင်း ရေသန့်စက်ရုံအချို့ထံမှ သိရသည်။

“လောင်စာဆီဈေးဆိုရင် ကျကို မကျတော့ဘူး။ ကျရင်တော့ ဈေးလျှော့ပေးလို့ရသေးတယ်” ဟု ရေသန့်စက်ရုံတစ်ခုမှ အရောင်းတာဝန်ခံတစ်ဦးက ပြောသည်။

ဒီဇယ်ဆီတစ်ပီပါလျှင် ကျပ်ခြောက်သိန်းနီးပါးရှိခဲ့စဉ်က ရေသန့်တစ်ဗူးလျှင် ကိုးရာကျပ်အဖြစ် ရောင်းချခဲ့ကြကြောင်း ရေသန့်စက်ရုံအချို့ထံမှ သိရသည်။

လက်ရှိ ဒီဇယ်ဆီတစ်ပီပါလျှင် ကျပ်ခုနှစ်သိန်းခွဲနီးပါးရှိလာသည့်အချိန်တွင် ရေသန့်တစ်ဗူးလျှင် ၁၁၀၀ ကျပ်နှုန်းဖြင့် တိုးမြှင့်ရောင်းချရခြင်းဖြစ်ကြောင်း အဆိုပါစက်ရုံတို့ထံမှ သိရသည်။

မြိတ်တွင် သောက်ရေသန့်လုပ်ငန်း ၁၀ ကျော်ရှိကြောင်း ယင်းလုပ်ငန်းအသိုင်းအဝိုင်းထံမှ သိရသည်။

အဆိုပါ ရေသန့်လုပ်ငန်း၊ စက်ရုံတို့မှ မော်တော်ယာဉ်တို့ဖြင့် ရပ်ကွက်အတွင်း ဆိုင်များနှင့် နေအိမ်ရောက်စနစ်ဖြင့် လှည့်လည်ရောင်းချလေ့ရှိကြသည်။