တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
1389

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဩဂုတ်လ ၂၇ ရက်နေ့မှ စက်တင်ဘာလ ၂ ရက်နေ့အထိ

အရှေ့တီမောကို မြန်မာစစ်ကောင်စီ သံတမန်ဆက်ဆံရေးဖြတ်

တီမောလက်စ်တေးနိုင်ငံကို မြန်မာစစ်ကောင်စီက သံတမန်ဆက်ဆံရေးဖြတ်တောက်လိုက်ပြီး ရန်ကုန်မှာရှိတဲ့ သံရုံးယာယီတာဝန်ခံကိုလည်း နှင်ထုတ်လိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ နီးနီးကပ်ကပ်ဆက်ဆံနေတာကြောင့် စစ်ကောင်စီက သံတမန်ဆက်ဆံရေး ဖြတ်တောက်တာဖြစ်ပြီး အခုလို လုပ်ရပ် စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

တီမောလက်စ်တေးနိုင်ငံသံရုံး ယာယီတာဝန်ခံအနေနဲ့ စက်တင်ဘာလ ၁ရက်နေ့မတိုင်ခင် မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ဩဂုတ်လ ၂၅ရက်နေ့မှာ သံတမန်စာနဲ့ အကြောင်းကြားခဲ့တာလို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁ရက်နေ့က ကျင်းပတဲ့ တီမောလက်စ်တေးနိုင်ငံ ဝန်ကြီးချုပ်သစ်နဲ့ အစိုးရအဖွဲ့ဝင်တွေ ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ NUG ကိုပဲ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် တရားဝင် ဖိတ်ကြားခဲ့ပါတယ်။ အဲဒီလို ဖိတ်ကြားမှုကို စစ်ကောင်စီက ကန့်ကွက်ခဲ့ပေမယ့် တီမောအစိုးရက NUG နဲ့ ဆက်ဆံနေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် သမ္မတ ဟိုးဆေးရာမို့စ်ဟော်တာကလည်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီကို ဝေဖန်ပြောဆိုလေ့ ရှိပါတယ်။

တီမောလက်စ်တေးနိုင်ငံဘက်ကလည်း စစ်ကောင်စီရဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့ ထုတ်ပြန်ထားပြီး မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်မယ်လို့ ပြောဆိုထားပါတယ်။ NUG အစိုးရကတော့ စစ်ကောင်စီက အခုလို တီမောသံတမန်ကို နှင်ထုတ်တဲ့လုပ်ရပ်ဟာ တရားမဝင်ဘူးလို့ တုံ့ပြန်ထားပါတယ်။

……………………………………

ဆီလုပ်ငန်းရှင်တချို့ စစ်ဆေးခံနေရ

စစ်ကောင်စီက မြန်မာနိုင်ငံဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ အပါအဝင် ဆီလုပ်ငန်းရှင်တချို့ကို ခေါ်ယူစစ်ဆေးမေးမြန်းနေပါတယ်။

ဈေးကွက်ထဲမှာ စားအုန်းဆီတွေ ဖြစ်သင့်တဲ့ဈေးနှုန်းထက် များစွာမြင့်နေတယ်လို့ စစ်ကောင်စီဘက်က ဆီလုပ်ငန်းရှင်တွေနဲ့ နေပြည်တော်မှာပြုလုပ်တဲ့ စားသုံးဆီဈေးတည်ငြိမ်ကျဆင်းရေး အစည်းအဝေးမှာ ပြောဆိုထားပါတယ်။

ဈေးတင်ရောင်းပြီး ကိုယ်စီးပွားမရှာကြဖို့ ပြောဆိုခဲ့သလို ဆီဈေးတွေ သိသိသာသာ ကျဆင်းအောင်လုပ်မယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ဒီလို ပြောဆိုမှုတွေအပြီးမှာတော့ မြန်မာနိုင်ငံဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ အပါအဝင် ဆီလုပ်ငန်းရှင်ငါးဦး ခေါ်ယူစစ်ဆေးခံနေရတာလို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။

ရွှေ၊ ဒေါ်လာ အပြင် ဆန်၊ ဆီ စတဲ့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတာကို စစ်ကောင်စီက ကော်မတီတွေဖွဲ့ပြီး စောင့်ကြည့်ဖမ်းဆီးအရေးယူတဲ့နည်းနဲ့ ထိန်းချုပ်ဖို့ကြိုးပမ်းလာပါတယ်။

……………………………………

နိုင်ငံတကာမှာ တားမြစ်ထားတဲ့ ကလပ်စတာဗုံး စစ်ကောင်စီတပ် အသုံးပြုနေ

နိုင်ငံတကာမှာ တားမြစ်ပိတ်ပင်ထားတဲ့ ဖျက်အားပြင်းပြီးဆင့်ပွားပေါက်ကွဲတဲ့ ကလပ်စတာ (Cluster) ဗုံးတွေကို စစ်ကောင်စီတပ်က အသုံးပြုနေတယ်လို့ ကလပ်စတာဗုံးအသုံးပြုတာတွေကို စောင့်ကြည့်လေ့လာနေတဲ့အဖွဲ့ (CMC) က ထုတ်ပြန်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းကနေ ၂၀၂၃ ခုနှစ် ဇွန်လအစောပိုင်းအထိ ဒီဗုံးတွေကို စစ်ကောင်စီတပ်က အသုံးပြုနေတဲ့ သက်သေအထောက်အထားတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

ကရင်၊ ကယား၊ ချင်းနဲ့ ရှမ်းပြည်နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ ဒီဗုံးတွေ အသုံးပြုခဲ့တာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအပြင် အရပ်သားတွေကို သေကြေပျက်စီးမှုများစေတဲ့ ကလပ်စတာဗုံး အသုံးပြုနေတာကို ချက်ချင်းရပ်တန့်ဖို့လည်း CMC က ထုတ်ပြန်ထားပါတယ်။

ကလပ်စတာဗုံး တားမြစ်ကန့်သတ်တဲ့ ကုလသမဂ္ဂသဘောတူညီချက်မှာတော့ မြန်မာက ပါဝင်လက်မှတ်ရေးထိုးထားတာ မရှိသေးပါဘူး။

……………………………………

စစ်ကောင်စီတပ် ထိပ်တန်းရာထူးတွေ အပြောင်းအလဲလုပ်

စစ်ကောင်စီတပ်က အရေးပါတဲ့ စစ်ဆင်ရေးအထူးအဖွဲ့မှူး အပါအဝင် စစ်တိုင်းမှူးတွေ၊ နယ်လုံဝန်ကြီးတွေကို အပြောင်းအလဲလုပ်လာပါတယ်။

နေပြည်တော်လုံခြုံရေးကို ကိုင်တွယ်တဲ့ အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီးသန်းထွန်းဦး နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဖြစ်သွားလို့ အဲဒီနေရာကို အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး တေဇကျော်နဲ့ အစားထိုးခဲ့ပါတယ်။

အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူး နေရာကိုတော့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနဲ့ အစားထိုးခဲ့ပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနေရာကို အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင် ရောက်ရှိလာပါတယ်။ ဒါ့အပြင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးတွေလည်း အပြောင်းအလဲတွေ ဖြစ်ခဲ့ပါသေးတယ်။

ကချင်၊ ကယား၊ ကရင်၊ ချင်းပြည်နယ်နဲ့ မန္တလေးတိုင်းတွေမှာလည်း နယ်လုံလို့ ခေါ်တဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးနေရာတွေလည်း အပြောင်းအလဲလုပ်ခဲ့ပါတယ်။

……………………………………

စစ်ရေးပဋိပက္ခပြင်းထန်လို့ တစ်ပတ်တာအတွင်း ပြည်သူငါးသောင်းနီးပါး ထွက်ပြေးကြရ

ပြင်းထန်တဲ့တိုက်ပွဲတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် တစ်ပတ်တာအတွင်း ကချင်၊ စစ်ကိုင်းနဲ့ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွေမှာ ပြည်သူငါးသောင်းနီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးကြရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၂၂ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ အခြေအနေကို ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး UNOCHA က ထုတ်ပြန်ပါတယ်။

နိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ပြည်နယ်နဲ့ တိုင်း အများအပြားမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ ထပ်မံရှိနေပြီး လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေလည်း ဆက်လက်မြင့်တက်နေတယ်လို့ ဆိုပါတယ်။

ဇူလိုင်လ နှောင်းပိုင်းကနေ စတင်ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုတွေကြောင့် လူ ရှစ်သောင်းကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပြီး ရခိုင်ပြည်နယ်မှာဆိုရင် လယ်ဧက ငါးသောင်းကျော် ရေနစ်မြုပ်ပျက်စီးတယ်လို့ ဖော်ပြပါတယ်။

……………………………………

စစ်ကိုင်းမှာ တစ်လအတွင်း အရပ်သား ၄၅ ဦး အသတ်ခံရ

စစ်ကိုင်းတိုင်းမှာ ဩဂုတ်လတစ်လတာအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်တာကြောင့် အရပ်သား ၄၅ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောင်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။

အမျိုးသမီး ကိုးဦးနဲ့ အမျိုးသား ၃၆ ဦး စုစုပေါင်း ၄၅ဦး သေဆုံးခဲ့ရပြီး အဲဒီထဲက ၂၅ဦးဟာ ထိန်းသိမ်းခံရပြီးနောက် သတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။

ဒါ့အပြင် တစ်လတာအတွင်း စစ်ကိုင်းတိုင်းမှာ အမျိုးသမီးငါးဦး၊ အမျိုးသားခြောက်ဦး စုစုပေါင်း ၁၁ဦး ဖမ်းဆီးခံရပြီး စစ်ကောင်စီလက်အောက်ခံတရားရုံးရဲ့ ပြစ်ဒဏ်ချမှတ်ခံရသူ ၇၀ ဦးရှိတယ်လို့ AAPP က စက်တင်ဘာလ ၁ရက်နေ့က ထုတ်ပြန်ပါတယ်။

……………………………………