ထားဝယ်တွင် စပါးတစ်တင်း ကျပ်သုံးသောင်းကျော် အထိရောက်ရှိ

0
1261

ထားဝယ်ခရိုင်ရှိ လယ်သမားများတွင် စပါးလက်ကျန်ပြတ်နေပြီဖြစ်ပြီး စပါးတစ်တင်းစျေးမှာလည်း ကျပ်သုံးသောင်းကျော်အထိ ရောက်သွားပြီဟု စပါးကုန်သည်အချို့ထံမှာသိရသည်။

မိုးစပါးစိုက်ပျိုးပြီးရာသီ ဖြစ်သည့် ထားဝယ်ဈေးကွက်တွင် စပါးကြမ်းတစ်တင်း ၂၃၀၀၀ ကျပ်၊ စပါးချော ကမာကြည်တစ်တင်း ၃၀၀၀၀ ကျပ်ဝန်းကျင်နှင့် ထားဝယ်ပေါ်ဆန်းစပါးတစ်တင်းကို ၃၄၀၀၀ ဝန်းကျင်ခန့်အထိရှိကြောင်း ကုန်သည်တစ်ဦးကပြောသည်။

“လက်ရှိနယ်မှာစပါးမရှိတော့ဘူး သိုလှောင်သူတွေ လက်ထဲမှာပဲ စပါးကကျန်တော့တယ်”ဟု ၎င်းကပြောသည်။

စပါးပေါ်ရာသီဖြစ်သည့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက စပါးကြမ်းတစ်တင်းကို ၁၁၀၀၀ကျပ်၊ စပါးချော(ကမာကြည်)တစ်တင်းကို ၁၃၀၀၀ ကျပ်သာပေါက်ခဲ့သည်။

လယ်သမားအချို့က စပါးပေါ်ချိန် ထုတ်ရောင်းကြသလို ယခုလို မိုးစပါးစိုက်ပျိုးရာသီအထိ သို‌ လှောင်ထားကြပြီး စပါး‌‌ဈေးတက်ချိန်မှ ထုတ်ရောင်းကြသူများလည်းရှိသည်။

ထားဝယ်ဒေသတွင် မိုးစပါးစိုက်ပျိုးပြီးချိန် ယခုလတွင် စပါးကြမ်းတစ်တင်းမှာ ၂၃၀၀၀ ခန့်ရှိပြီး စပါးချော ကမာကြည်တစ်တင်းမှာ ၂၅၀၀၀ ကျပ်ခန့်ရှိသည်။

“ဒီအချိန်ကတောင်သူတွေမှာ စပါးလက်ကျန်မရှိတော့ဘူး လယ်သမားတွေ ဆန်ဝယ်စားနေရတဲ့အချိန်”ဟု လောင်းလုံးမြို့နယ်ရှိ လယ်သမားတစ်ဦးကပြောသည်။

စပါးဈေး‌ ကောင်းရသော်လည်း သွင်းအားစုဈေးတက်ခြင်းနှင့် လုပ်သားခ ဈေးကြီးခြင်းတို့ကို လယ်သမားများ ရင်ဆိုင်ခဲ့ရသည်ဟု ၎င်းကဆိုသည်။

ယင်ခင် ၂၀၂၀ ခုနှစ်က ဓာတ်‌ မြေဩဇာတစ်အိတ် သုံးလေးသောင်းခန့်သာရှိရာမှ ယခု တစ်သိန်းကျော်အထိပေးရပြီး သွင်းအားစုဈေးမှာ ၂ ဆက်တက်လာသလို လုပ်သားငှားရမ်းခမှာလည်း ယခင်က ကောက်စိုက်သမားတစ်ဦး နေ့စားခ ရှစ်ထောင်ကျပ်သာရှိရာမှ ယခု တစ်သောင်းခွဲနီးပါးအထိ ပေးရဟုဆိုသည်။