မောတောင်နယ်စပ်တွင် ဇနီးမောင်နှံနှစ်ဦး သစ်ပင်ပိပြီးသေဆုံး

0
1635
ပုံစာ - သေဆုံးသည့် ဇနီးမောင်နှံ၏ ရုပ်အလောင်းကို အမှတ် ၃ ရွာရှိ ရေဝေးသုသာန်သို့ ဩဂုတ်လ ၂၉ ရက်က သယ်ယူလာစဉ်။ ဓာတ်ပုံ - မေတ္တာရေစင် ပရသိတအသင်း

မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်တစ်ခုဖြစ်သည့် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်တွင် ဩဂုတ်လ ၂၉ရက်နေ့ မွန်းလွဲ ၁နာရီက ဇနီးမောင်နှံနှစ်ဦး သစ်ပင်ပိပြီး သေဆုံးကြောင်း တနင်္သာရီမြို့ရှိ ပရဟိတအသင်းအချို့ထံမှ သိရသည်။

မောတောင်နယ်စပ် အမှတ် ၃ ကျေးရွာရှိ ခြံတစ်ခုတွင် အဆိုပါဇနီးမောင်နှံ ငရုတ်သီးကောက်နေချိန်
ခုတ်ထားသည့် ညောင်ပင်ကြီးလဲကျကာ ဖိမိခြင်းဖြစ်ကြောင်း ပရဟိတအသင်းတစ်သင်းမှ အသင်းတာဝန်ခံက ပြောသည်။

“ညောင်ပင်က ခုတ်ထားပြီးပြီ။ လဲတော့ မလဲကျသေးဘူး။ လင်မယားနှစ်ယောက်က ငရုတ်သီး‌ကောက်နေတာပေါ့။ အဲဒီအချိန်မှာ လေတိုက်ပြီးတော့ အပင်ကလဲကျလာပြီး ဖိသွားတာပေါ့” ဟု ၎င်းက ပြောဆိုသည်။

အမျိုးသားဖြစ်သူသည် အပင်အောက်တွင် ပိနေပြီး၊ ဇနီးဖြစ်သူသည် အပင်၏ အခက်အလက်များနှင့် ရိုက်မိခဲ့ကာ နေရာတွင် သေဆုံးခဲ့ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

သေဆုံးသည့် ဇနီးမောင်နှံနှစ်ဦးတို့သည် အသက် ၄၀ နှစ် ဝန်းကျင်အရွယ်ဖြစ်ပြီး ၎င်းတို့တွင် သားသမီးလေးဦး ကျန်ရစ်ခဲ့ကြောင်း အမှတ် (၃) ကျေးရွာနေသူအချို့က ပြောသည်။

“သူတို့ ငရုတ်သီးသွားကောက်ချိန်က လေပြင်းတွေ တအားတိုက်နေတာ။ ဒီလိုမျိုး နှစ်ယောက်စလုံးဖြစ်သွားတာ စိတ်တောင်မကောင်းဘူး” ဟု အမှတ် ၃ ရွာနေသူတစ်ဦးက ပြောဆိုသည်။

အဆိုပါဇနီးမောင်နှံသည် မြိတ်မြို့နယ် တုံး‌ဗျောကျေးရွာအုပ်စု လသာကျေးရွာသားများဖြစ်ကြောင်း ပရဟိတအသင်း တာဝန်ခံက ဆိုသည်။

အလောင်းတို့အား အမှတ် ၃ ကျေးရွာရှိ ရေဝေးသုသာန်တွင် ထားရှိပြီး သေဆုံးသူတို့၏ ဆွေမျိုးတို့အား စောင့်ဆိုင်းနေကြောင်း ၎င်းက ပြောသည်။