ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးအသစ် စတင်တာဝန်ယူ

0
2035
Photo- ပုလဲကျွန်းဌါနေ

ထိပ်ပိုင်းရာထူးအပြောင်းအရွှေ့များ ပြုလုပ်နေသည့် စစ်ကောင်စီက ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုလည်း အသစ်ပြောင်းလဲတာဝန်ပေးလိုက်ပြီး တိုင်းမှူးသစ် ဗိုလ်မှူးချုပ်ကျော်စွာဦးမှာ မြိတ်မြို့ရှိ ကမ်းရိုးတန်းစစ်ဌာနချုပ်သို့ ရောက်ရှိလာပြီဖြစ်သည်။

ဗိုလ်မှူးချုပ်ကျော်စွာဦးမှာ သြဂုတ်လ စတုတ္ထအပတ်အတွင်းက တနင်္သာရီတိုင်း မြိတ်မြို့ရှိ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်သို့ ရောက်ရှိလာသည်ဟု စစ်ဖက်အသိုင်းအဝိုင်း အတွင်းမှသိရသည်။

“မနေ့က(သြဂုတ် ၂၇)က သိမ်တော်ကြီးဘုရားကို ဖူးတယ်။ မော်တောင်ကျောင်းကို ဝင်ပြီး ဆရာတော် (တိုင်းသံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ) နဲ့တွေ့တယ်”ဟု စစ်ဖက်ဆိုင်ရာအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

တိုင်းမှူးအသစ် ဗိုလ်မှူးချုပ်ကျော်စွာဦးသည် တိုက်ခိုက်ရေးကျောင်း(ဗထူး) ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ယခင် ကမ်းရိုးတန်းဒေသတိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်သည် နေပြည်တော်သို့ ပြောင်းရွှေ့ခံရကြောင်း သတင်းများထွက်ပေါ်နေသည်။

ပြီးခဲ့သည့်လက ကမ်းရိုးတန်းစစ်ဌာနချုပ် ဒုတိုင်းမှူးဗိုလ်မှူးချုပ်သစ်လွင်ထူး အပါအဝင် ခမောက်ကြီးမြို့ အခြေစိုက် အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ဝင်းကျော်သူနှင့် တနင်္သာရီတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းတို့ကို ဖမ်းဆီးစစ်ဆေး နေကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

ယင်းနောက်ကမ်းရိုးတန်းဒုတိုင်းမှူးနေရာကို ကြာအင်းဆိပ်ကြီး စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်မျိုးထွန်းနှင့် အစားထိုးခဲ့သလို တနင်္သာရီတိုင်း နယ်လုံဝန်ကြီးနေရာကိုလည်း ဗိုလ်မှူးကြီး မင်းမင်းလတ်ဖြင့် အစားထိုးလိုက်သည်။

ယခုတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနေရာကိုပါ အပြောင်းအလဲ ပြုလုပ်လိုက်ခြင်းဖြစ်သည်။

တိုက်ဆိုင်သည်မှာ ထားဝယ်မြို့အတွင်းရှိသည့် တိုင်းအစိုးရအဖွဲ့ဝန်ကြီးများအိမ်ရာကို ပြည်သူ့ကာကွယ်ရေးတပ်များက လက်နက်ကြီးဖြင့် နှစ်ကြိမ်တိတိ ပစ်ခတ်ခဲ့ပြီးနောက် ယင်းအပြောင်းအရွှေ့များ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အတည်မပြုနိုင်သည့် သတင်းများအရ ယင်းအပြောင်းအရွှေ့များမှာ ဝန်ကြီးများအိမ်ရာ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုအပါအဝင် တနင်္သာရီတိုင်းတွင် စစ်ရေးထိန်းချုပ်နိုင်စွမ်းမရှိမှုနှင့် အဂတိလိုက်စားမှုများကြောင့် ဟုဆိုသည်။