မူးယစ်ဆေးရောင်းသူသုံးဦးကို ဖမ်းဆီးထားကြောင်း ကျွန်းစုပြည်သူ့ကာကွယ်ရေးအဖွဲ့ထုတ်ပြန်

0
1244
ဓာတ်ပုံ - ကျွန်းစုပြည်သူ့ကာကွယ်ရေးအဖွဲ့

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်နေသူသုံးဦးအား ဖမ်းဆီးထားကြောင်း ကျွန်းစုပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ဩဂုတ်လ ၂၈ရက်တွင် ထုတ်ပြန်သည်။

ကော်ဇယာကျေးရွာအုပ်စု၊ ကျောက်တလုံးကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းချသူ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို စိတ်ကြွရူးသွပ်ဆေးပြား ၁၇၈ လုံးနှင့်အတူ ဩဂုတ်လ ၂၂ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း ဖော်ပြသည်။

ဖမ်းဆီးခံရသူများမှာ ကိုမင်းမင်း၊ ဦးဇော်၊ မမိုးမိုးဆိုသူတို့ဖြစ်ကြပြီး ၎င်းတို့သုံးဦးအား နောက်နောင် မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ရန် ပြင်းထန်စွာသတိပေးခဲ့ပြီး ဖမ်းဆီးရမိသည့် ဆေးများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

လက်ရှိတွင်မူ ၎င်းတို့သုံးဦးကို ဖမ်းဆီးစစ်ဆေးနေဆဲဖြစ်ပြီး အပြစ်ပေးအရေးယူပြီးလျှင် ပြန်လွှတ်ပေးမည့် အစီအစဉ် ရှိကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အရင်ကလည်း ဖမ်းဆီးစစ်ဆေးတာမျိုးရှိခဲ့တယ်။ သက်သေခံပစ္စည်း မမိတော့ သတိပေးပြီး ပြန်လွှတ်ခဲ့တာမျိုး ရှိပါတယ်။ နောက်ထပ်လည်း ဖမ်းဆီးသွားမယ့် အစီအစဉ်ရှိပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ကျွန်းစုမြို့နယ်ရှိ ကျေးရွာများတွင် မူးယစ်ဆေးသုံးစွဲရောင်းဝယ်ဖောက်ကားသူ အများအပြားရှိပြီး ဖမ်းဆီးမှုအားနည်းကြောင်း ဒေသခံများထံမှ သိရသည်။