ထိုင်းဆိပ်ကမ်းဆောက်လုပ်ရေးတွင် စတီးပြားပြုတ်ကျ၍ မြန်မာလုပ်သား ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

0
1264

ထိုင်းနိုင်ငံ ရယောင်ခရိုင် ဆိပ်ကမ်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် စတီးပြားကို စက်ဖြင့်မတင်ရာမှ ကြိုးပြတ်ပြီး ပြုတ်ကျခဲ့သဖြင့် မြန်မာအလုပ်သမား ၁ ဦးသေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

 အခင်းဖြစ်ပွားမှုသည် ဩဂုတ်လ ၂၀ ရက်နေ့ ညနေပိုင်းတွင် ဖြစ်ပြီး ပင်လယ်ရေဝင်ရောက်မှုကို ကာကွယ်ပိတ်ဆို့ရာတွင် သုံးသော စတီးပြားကို စက်ဖြင့် ဆွဲတင်စဉ်တွင် သံကြိုးပြတ်၍ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။

 ၆ မီတာခန့်ရှည်သော စတီးပြားပြုတ်ကျမှုကြောင့် အောက်တွင် အလုပ်လုပ်နေသော အလုပ်သမား ၄ ဦး ခန္ဓာကိုယ်တွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

၎င်းတို့အနက် ကိုဇော်မင်းဦးအမည်ရှိသော မြန်မာအလုပ်သမားသည် ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း ဖော်ပြထားသည်။

ကျန်ဒဏ်ရာရရှိခဲ့သော မြန်မာအလုပ်သမား ၂ ဦးနှင့် ထိုင်းအလုပ်သမား ၁ ဦးသည် ဆေးကုသပြီး၍ အိမ်ပြန်ခွင့်ရရှိပြီဖြစ်သည်။

အခင်းဖြစ်သောနေရာသို့ ရယောင်းခရိုင် အာဏာပိုင်များက ဩဂုတ်လ ၂၃ ရက်နေ့တွင် လာရောက်စစ်ဆေးခဲ့ပြီး အဆိုပါဆိပ်ကမ်းကို အီတာလျံထိုင်းကုမ္ပဏီက တာဝန်ယူတည်ဆောင်နေခြင်းဖြစ်သည်။

ကုမ္ပဏီက သေဆုံးသူအတွက် အသက်အာမခံဖြစ်သော လူမှုဖူလုံရေးအကျိုးခံစားခွင့်ရရှိရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်။

အာဏာပိုင်များက စတီးပြားကို ကြိုးတစ်ချောင်းဖြင့် ဆွဲတင်ခြင်းသည် လုံလောက်မှုမရှိကြောင်းနှင့် အခင်းဖြစ်ပွားမှုအသေးစိတ်အကြောင်း ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောကြားချက်များကို ဖော်ပြထားသည်။

 ဩဂုတ်လ ၈ ရက်နေ့ကလည်း ချာချင်ဆောင်မြို့ ဘန့်ခဝမ်းဒေသတွင် ဆောက်လက်စ ကုန်းကျော်တံတား၏ ဘေးနံရံတွင် ကပ်ထားသော အင်္ဂတေဘောင် ပြုတ်ကျမှုကြောင့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးခဲ့သေးသည်။

Ref: Siamrath, CH 3 Rayong