ထားဝယ်မြို့ ရေဝိုင်းရွာသွားလမ်းပိုင်းတွင် လူငယ်နှစ်ဦးအလောင်းတွေ့

0
2713

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာ ဘုရားမဲစစ်ဆေးရေးဂိတ်နှင့် ရေဝိုင်းရွာကြား လမ်းပိုင်းတွင် ဩဂုတ်လ ၂၃ ရက် နံနက်ပိုင်းတွင် အမျိုးသားနှစ်ဦး၏ အလောင်းတွေ့ရှိရကြောင်း ဒေသခံခရီးသွားပြည်သူများထံမှ သိရသည်။

သေဆုံးသူနှစ်ဦးမှာ အသက် ၂၀ ဝန်းကျင်အရွယ်ရှိ လူငယ်အမျိုးသားနှစ်ဦးဖြစ်ပြီး နှစ်ဦးစလုံး ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သေဆုံးသူနှစ်ဦးစလုံးမှာ မောင်မယ်ရှောင်ရွာ နည်းပညာတက္ကသိုလ်အနီး သစ်အချောထည်စက်ရုံတွင် အလုပ်လုပ်နေသည့် အလုပ်သမားနှင့် အလုပ်သမားဟောင်းတို့ဖြစ်ကြောင်း လက်ရှိလုပ်ကိုင်နေသည့် အလုပ်သမားနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ဩဂုတ်လ ၂၂ ရက် နံနက် ၁၁ နာရီခန့်တွင် အမည်မသိ လူတစ်စုက စက်ရုံမှ လာရောက် ခေါ်ဆောင်သွားသည်ကို တွေ့ရသည်ဟု အထက်ပါနီးစပ်သူက ပြောဆိုသည်။

“အရင်က ဒီလိုလာခေါ်သွားပြီး ပြန်လွှတ်ပေးဖူးတယ်” ၎င်းက ဆက်လက်ပြောဆိုသည်။

ခေါ်ဆောင်ခံရပြီး နောက်တစ်ရက်အကြာ ဩဂုတ်လ ၂၃ ရက် နံနက်ပိုင်းက ၎င်းတို့နှစ်ဦး၏ ရုပ်အလောင်းကို ရေဝိုင်းရွာ သွားလမ်းပိုင်းတွင် ဒေသခံခရီးသွားများက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူတို့က ဆိုသည်။

၎င်းတို့နှစ်ဦးအနက် ယင်းစက်ရုံတွင် လက်ရှိလုပ်ကိုင်နေသည့် ကိုကျော်ကျော်မြင့်မှာ ဇာဟာရွာတွင် မိသားစုနှင့်အတူ နေထိုင်သူဖြစ်ကြောင်း ဇဟာရွာဒေသခံတစ်ဦးက ပြောသည်။

“သူတို့ရဲ့ အဖေ အမေတွေက စစ်တပ်ကနေ အငြိမ်းစားယူထားတဲ့သူတွေပါ။ ဒီလိုပဲ ရွာမှာခြံစိုက်စားပြီးနေတယ်” ဟု ၎င်းက ပြောဆိုသည်။

သေဆုံးသူနောက်တစ်ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်းမသိရသေးသလို ၎င်းတို့နှစ်ဦးကို မည်သူတို့က မည်သည့် အကြောင်းရင်းကြောင့် ပစ်သတ်သွားသည်ကိုလည်း သီးခြားအတည်မပြုနိုင်သေးပေ။

သေဆုံးသူနှစ်ဦလုံး၏ ရုပ်အလောင်းကို ဩဂုတ်လ ၂၃ ရက် နံနက်ပိုင်းတွင် အရေးပေါ်ကားဖြင့် သယ်ဆောင်သွားကြောင်း ဒေသခံများကပြောသည်။