မြန်မာစစ်အာဏာသိမ်းမှုကို ဆန္ဒပြဆန့်ကျင်ခဲ့သော ထိုင်းလူငယ်ခုနစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

0
1320
ပုံစာ - ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့ ဆန္ဒပြနေကြစဉ်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းခဲ့မှုကို ဆန့်ကျင်သည့်အနေဖြင့် ဘန်ကောက်မြို့တွင်ဆန္ဒပြခဲ့သော ထိုင်းတက္ကသိုလ် ကျောင်းသားများအပါအဝင် လူငယ် ခုနစ်ဦး ထောင်ဒဏ်နှင့် ငွေဒဏ်များချမှတ်ခံရကြောင်း ထိုင်းလူ့အခွင့်အရေး ရှေ့နေများစင်တာက ထုတ်ပြန်သည်။

ဘန်ကောက်တရားရုံးက ဩဂုတ်လ ၂၁ ရက်နေ့တွင် ထောင်ဒဏ်နှင့် ငွေဒဏ်များ အသီးသီးချမှတ်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။

ကျောင်းသားများသည် ထာ့မဆက်တက္ကသိုလ်တွင် ပညာသင်ကြားနေသည့် ကျောင်းသားများဖြစ်ပြီး မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းခဲ့သော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့၌ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒပြသောနေ့၌ ထိုင်းနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများလည်း ပူးပေါင်းပါဝင်ခဲ့ပြီး ထိုင်းရဲတပ်ဖွဲ့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ကာ ထိပ်တိုက်တွေ့ခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုလူငယ်များကို ကိုဗစ်ဥပဒေချိုးဖောက်မှုနှင့် အာဏာပိုင်များကို ဆန့်ကျင်တိုက်ခိုက်မှုများကြောင့် တရားစွဲခံထားရပြီး အာမခံဖြင့် ပြင်ပက အမှုရင်ဆိုင်နေခဲ့ရာမှ ဩဂုတ်လ ၂၁ ရက်နေ့တွင် တရားရုံးက ထောင်ဒဏ်နှင့် ငွေဒဏ်များ အသီးသီးချမှတ်လိုက်ကြောင်း ဖော်ပြသည်။

လူငယ် ငါးဦးကို တရားရုံးက ကနဦး အမြင့်ဆုံးထောင်ဒဏ် လေးနှစ်နှင့် ဒဏ်ငွေ ဘတ် ၆၀၀၀၀ အထိ ချမှတ်ခဲ့ကြောင်း ရေးသားထားသည်။

နောက် လျှော့ပေါ့ပြစ်ဒဏ်အဖြစ် ထက်ဝက်လျှော့၍ ထောင်ဒဏ် ၂ နှစ်နှင့် ဒဏ်ငွေ ဘတ် ၃၀၀၀၀ ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကျန်တစ်ဦးကို ထောင်ဒဏ် သုံးနှစ်ချမှတ်ရာမှ ၁ နှစ်ခွဲနှင့် ဒဏ်ငွေ ဘတ် ၂၀၀၀၀ ကို လည်းကောင်း၊ ကျန်တစ်ဦးကိုမူ ထောင်ဒဏ် တစ်နှစ်ချမှတ်ရာမှ လေးလကျော်သို့ လျှော့ပေါ့ကာ ထောင်ဒဏ်များ အသီးသီးချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။