ကလိန်အောင် ကျောက်ရှပ်ရွာတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

0
1287

ရေဖြူမြို့နယ်၊ ကလိန်အောင်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသား ၂ ဦး ယနေ့ (ဩဂုတ် ၂၂) နံနက်၁၀ နာရီဝန်းကျင်က သေနတ်ဖြင့်ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးသွားကြောင်း ဒေသခံများထံမှသိရသည်။

ကျောက်ရှပ်ရွာ နွယ်လိမ်ရပ်ကွက် ဥယျာဥ်ခြံတခုတွင် အသက် ၆၀ နှစ် ဝန်းကျင် အရွယ်ရှိ ဦးသိန်းစိုး နှင့် သားမက်ဖြစ်သူတို့ နှစ်ဦး ပစ်ခတ်ခံရခြင်းဖြစ်ပြီး ဦးသိန်းစိုးသေဆုံးခဲ့သည်။

ဦးသိန်းစိုးသည် ဝက်ဒိုင်လုပ်ငန်းနှင့် ဥယျာဥ်ခြံလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး ကျောက်ရှပ်ကျေးရွာအခြေစိုက် ကလိန်အောင်တပ်နယ် စစ်ကောင်စီတပ်များသို့ ကုန်ပစ္စည်းများ ရောင်းချနေသူဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။

ဦးသိန်းစိုးကို ကလိန်အောင်အခြေစိုက် Spring Dhamma PDF အဖွဲ့က ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး ဦးသိန်းစိုးထံမှ လက်လုပ်သေနတ်တစ်လက်နှင့် စစ်ကောင်စီတပ်မှ အရာရှိ၊ တပ်သားများနှင့် အဆက်သွယ်လုပ်ထားသည့် စာရင်းကို သိမ်းဆည်းရမိကြောင်း ယနေ့ညနေပိုင်းသတင်းထုတ်ပြန်သည်။

“ဦးသိန်းစိုးက ပထမတစ်ခါ သတိပေးခံရပြီးကတည်းက ရွာမှာသိပ်မနေဘူး။ အခုရွာပြန်ရောက်နေတာ သိပ်မကြာသေးဘူး။ မနက်ကတော့ ပစ်သတ်ခံလိုက်ရတာ” ဟု ကလိန်အောင်ဒေသခံတစ်ဦးက ပြောပါသည်။

မေလ ၁၈ ရက်နေ့က ဦးသိန်းစိုး အပါအဝင် ကျောက်ရှပ်ရွာသား နှစ်ဦးကို Spring Dhamma PDF အဖွဲ့အပါအဝင် ကလိန်အောင်မြို့နယ်အတွင်း လှုပ်ရှားနေသည့် PDF အဖွဲ့ ၃ ခုက နေအိမ်များသို့ သွားရောက်သတိပေးဖူးခဲ့ကြောင်း သိရသည်။

ယနေ့မနက်ပိုင်းတွင် ကလိန်အောင်-ထားဝယ်လမ်းပိုင်းရှိ မိုင်တိုင်အမှတ် ၄ဝ အနီးတွင်လည်း လက်နက်ငယ်သံများနှင့် လက်နက်ကြီးသံနှစ်ချက်ကြားရကြောင်း ဒေသခံများကပြောသည်။

ကလိန်အောင်မြို့၊ ကျောက်ရှပ်ရွာအနီးတွင် စကခ ၈ လက်အောက်ရှိ ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ ၄၀၈၊ ၄၀၉၊ ၄၁၀ စစ်ကောင်စီတပ်ရင်း ၃ ခု အခြေစိုက်သည်။