တောင်ပျောက်တိုက်နယ်ကို စစ်ကြောင်းဝင်လာသဖြင့် ရွာလေးရွာက ဒေသခံများတိမ်းရှောင်

0
1632
ဓာတ်ပုံ-တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင် ကူညီရေးအဖွဲ့

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်က တောင်ပျောက်တိုက်နယ်ထဲကို ယနေ့ ဩဂုတ်လ ၂၁ရက် နံနက် ၃ နာရီခန့် ကစပြီး စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာသောကြောင့် ကျေးရွာလေးရွာက ဒေသခံများ တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

နံနက် ၃ နာရီတွင် သဲချောင်းကြီးရွာဖက်မှ ဝင်းကဖော်ရွာဖက်သို့ မြေသယ်ကားငါးစီး၊ Vigo ကားနှစ်စီးခန့်ဖြင့် စစ်ကောင်စီတပ် အင်အား ၇ဝခန့် စစ်ကြောင်းထိုးလာကြောင်း ဒေသခံတို့က ဆိုသည်။

ယင်းသို့စစ်ကြောင်းထိုးလာသဖြင့် ကျွဲခြံ၊ ဝင်းကဖော်၊ အလယ်စု၊ ကျောက်အိုင်စသည့်ကျေးရွာ လေးရွာက ဒေသခံများ ကြိုတင်တိမ်းရှောင်နေရကြောင်း တိုက်နယ်အတွင်းက ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“စစ်တပ်က သဲချောင်းကြီးကို ရောက်နေပြီဆိုတာနဲ့ ကျွန်မတို့ရွာတွေအားလုံးက ရှောင်ကုန်ပြီ။ ရှောင်ကြတာတော့ မိုးလင်းမှ ရှောင်ကြတယ်။ သဲချောင်းကြီးကို စစ်တပ်တွေ ရောက်နေပြီဆိုတာနဲ့ ပစ္စည်းတွေထုပ်ထည့်ပြီးတော့ မိသားစုအလိုက် အိမ်လုံးကျွတ် ရွှေ့ကုန်ကြတယ်” ဟု တောင်ပျောက်တိုက်နယ်က အမျိုးသမီးနောက်တစ်ဦးက ပြောသည်။

ဩဂုတ်လ ၂၁ရက်နေ့ နေ့လည်ပိုင်းတွင် လက်နက်ကြီးပစ်ခတ်သံ လေးကြိမ်ကြားရကြောင်း ၎င်းက ဆိုသည်။

စစ်ကြောင်းထိုးလာချိန် ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်လာမည်၊ တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် တိမ်းရှောင်ကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

မြေသယ်ကားနှင့် Vigo ကားများပြန်ထွက်သွားပြီးနောက် စစ်ကောင်စီစစ်ကြောင်းသည် ဝင်းကဖော်ရွာဖက်ကို ခြေလျင်ဝင်လာပြီး ယင်းကျေးရွာတွင် ကျန်ရှိနေသည့် ဒေသခံအချို့ကို ဖမ်းဆီးခဲ့ကြောင်း ကျွဲခြံရွာက စစ်ဘေးရှောင် နေသည့် ဒေသခံအမျိုးသမီးက ပြောသည်။

ကျွဲခြံနှင့် ဝင်းကဖော်ရွာမှာ ရွာချင်းဆက်ဖြစ်သည်။

“ပြန်လွှတ်လိုက်ပြီဆို ပြောတယ်။ ဘယ်နှစ်ယောက်လဲဆိုတာတော့ မသိဘူး။ သူတို့ကို ထိုင်ခိုင်းထားတယ်လို့ ပြောတယ်။ သူတို့ကိုက ခေါ်ဆောင်သွားတာမျိုး မဟုတ်ဘူး။ ရွာထဲမှာတွေ့လို့ ခေါ်ပြီးထားထားတာ လောက်ပဲ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က D Day ကြေညာသည့်နေ့ ၂၀၂၁ခုနှစ် စက်တင်ဘာ ၇ ရက် မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအထိ စစ်ကောင်စီတပ်နှင့် တောင်ပျောက်တိုက်နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ယင်းနောက်ပိုင်းတွင် စစ်ကောင်စီတပ်သည် တောင်ပျောက်တိုက်နယ်ကို စစ်ကြောင်းမထိုးဘဲ ယခု ကိုးလခန့်အကြာတွင် တစ်ကျော့ပြန်စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

၂၀၂၁နှင့် ၂၀၂၂ တို့တွင် တောင်ပျောက်တိုက်နယ်ကို စစ်ကောင်စီတပ်က မကြာခဏစစ်ကြောင်းထိုးလေ့ရှိပြီး ဒေသခံအချို့ကို လူသားဒိုင်းသဖွယ်ဖမ်းဆီးခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းများ ပြုလုပ်လေ့ ရှိသဖြင့် ဒေသခံများမှာ စစ်ကြောင်းဝင်လာလျှင် ဘေးလွတ်ရာနေရာများကို ကြိုတင် တိမ်းရှောင်ကြကြောင်း ဒေသခံတို့၏ ပြောဆိုချက်များအရ သိရသည်။